သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးပစ်လွှတ်မှု ကန်ကာကွယ်ရေးဌာန စိုးရိမ်


မြောက်ကိုရီးယားဒုံးပစ်လွှတ်တင်

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ သိပ်ကိုအလေးအနက်ထားရမယ့် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ဖော်ပြပြောဆိုပြီး မြောက်ကိုရီးယားရဲ့ ထိပ်ဖူးတပ် ဒုံးကျည်ရန်ကို ကာကွယ်ဖို့ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက ထိပ်ဖူးတပ်ဒုံးကျည် ၄ ခုကို တနင်္လာနေ့အစောပိုင်းက ပစ်လွှတ်ခဲ့တာမှာ ၃ ခုက ကီလိုမီတာ ၁ ထောင်လောက်အဝေးအထိသွားပြီး ဂျပန်ရေပိုင်နက်ထဲကို ကျခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေဟာ တာလတ်ပစ် ထိပ်ဖူးတပ်ဒုံးကျည်တွေဖြစ်ကြပြီး မြောက်အမေရိကတိုက်အတွက် အန္တရာယ်မရှိဘူးလို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ ရေတပ် Captain Jeff Davis ကသတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားကြား နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ အချိန်ကိုက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်တွေပြစ်ခဲ့တာလို့လည်း သူကပြောပါတယ်။ အမေရိကန်က THAAD ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားမှာ ထားရှိရေးအပါအဝင် မြောက်ကိုရီးယားရဲ့ ဒုံးကျည်ရန်ကနေ ကာကွယ်နိုင်ဖို့ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်နေတယ်လို့လည်း Pentagon စစ်ဌာနချုပ်ပြောခွင့်ရသူကပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ်စည်းဝေးပွဲခေါ်ယူပေးဖို့ အမေရိကန်နဲ့ ဂျပန်တို့က တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့လောက်မှာ အရေးပေါ်စည်းဝေးပွဲ လုပ်နိုင်တယ်လို့ သံတမန်တွေက ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ သိပ်ကိုဗြောင်ကျလွန်းတဲ့ Nuclear စစ်ရေးလေ့ကျင့်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးကပြောပြီး ဒီကိစ္စ ဆွေးနွေးဖို့ လုံခြုံရေးကောင်စီကို စာရေးသားပေးပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG