သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံး စမ်းသပ်မှုအောင်မြင်မှုဟုကြေညာ


မေလ ၃၀ ရက်နေ့က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား တိုက်ချင်းပစ်ပဲ့ထိန်းဒုံး။
မေလ ၃၀ ရက်နေ့က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား တိုက်ချင်းပစ်ပဲ့ထိန်းဒုံး။

တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးတစင်းကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင် ခဲ့ကြောင်း မြောက်ကိုရီးယားက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းပိုင်းအထိ ရောက်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးလက်နက် နည်းပညာကို ပိုင်ဆိုင်နိုင်ဖို့ အချိန်အတော်ကြာကတည်းက ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားရဲ့ ဒီကနေ့ ရုပ်မြင်သံကြား ကြေညာချက်မှာတော့ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ ကီလိုမီတာ ၂၈၀၀ အမြင့်အထိ ရောက်ရှိခဲ့ပြီး၊ ၃၉ မိနစ်ကြာ ပျံသန်းခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ကြေညာချက်ပါ အချက်အလက်တွေဟာ၊ ဂျပန်ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့တဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုအပြီး မကြာခင်မှာပဲ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့က ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေတာလည်း တွေ့ရပါတယ်။ အမေရိကန်စစ်တပ် ပစိဖိတ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့ကတော့ စမ်းသပ်မှုမှာ၊ တာလတ်ပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ပါဝင်ကြောင်း ပြောဆိုခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလည်း စမ်းသပ်ခဲ့တဲ့ဒုံးဟာ တာလတ်ပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးလို့ ယူဆထားပေမဲ့ တိုက်ချင်းပစ်ဒုံး အန္တရာယ်အတွက် လိုအပ်သလို ပြင်ဆင်ထားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်အတွက် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လက်တွဲပြီး တုံ့ပြန်ဖြေရှင်းသွားမှာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား သမ္မတက ပြောဆိုခဲ့တာပါ။

မစ်ဇိုင်းဒုံး စမ်းသပ်မှုအပေါ် အမေရိကန်သမ္မတ Donald Trump ရဲ့ တုံ့ပြန်ချက်မှာတော့၊ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်အဖြစ် တရုတ်နိုင်ငံက သြဇာအရှိန်အဝါသုံး ဖိအားပေးဖို့ Twitter လူမှုကွန်ယက်ကနေ ထပ်မံတိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ ဒီလောက်ကြာကြာ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးဟာ လက်ခံဖို့ ခက်ခဲလှသလို၊ တရုတ်နိုင်ငံအနေနဲ့ အပြင်းအထန် အားစိုက်ထုတ်ပြီး၊ မြောက်ကိုရီးယားရဲ့ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်တွေကို အဆုံးသတ်သင့်ကြောင်း သမ္မတ Trump က မှတ်ချက်ပေး ရေးသားထားတာပါ။ တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ပင်တားမြစ်ချက်ကို ဖောက်ဖျက်တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သလို၊ မစ်ဇိုင်ဒုံး စမ်းသပ်မှုနဲ့ ပတ်သက်လို့ တည်တည်ငြိမ်ငြိမ်၊ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG