သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ တရုတ်ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမည်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ၊ ကာကွယ်ရေး ဝန်ကြီး Jim Mattis တို့နဲ့ တရုတ် နိုင်ငံတော် ကောင်စီဝင် Yang Jiechi၊ တရုတ် စစ်ဦးစီးချုပ် Fang Fenghui တို့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ သံတမန်ရေးနဲ့ လုံခြုံရေး ကိစ္စတို့ ဆွေးနွေးကြမှာပါ။

ဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယား အရေးက ထိပ်တန်း ဦးစားပေးဖြစ်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Susan Thornton က ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက် တရုတ် အနေနဲ့ မြောက်ကိုရီးယား အပေါ်မှာ သြဇာလွှမ်းမိုးမှု အရှိဆုံး ဖြစ်တယ်လို့ သူမက သုံးနှုန်း ပြောဆိုပြီး ကုလ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အားလုံး အကောင်အထည်ပေါ်လာရေး တရုတ်ဘက်က သူ့ရဲ့ သြဇာကို သုံးဖို့ တိုက်တွန်းပါတယ်။

မြောက်ကိုရီးယား အရေး ဖြေရှင်းတဲ့ နေရာမှာ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် Global Time က မနေ့ တနလာၤနေ့က ရေးသားပါတယ်။ မြောက်ကိုရီးယား အရေးကို တရုတ် တဦးတည်း ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆက လွဲချော်မှုလို့လည်း ပြောဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံတွင်းက ဝါဒဖြန့် ပို့စတာ တခုကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့နှစ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သတင်းပတ်က လွတ်လာတဲ့ အသက် ၂၂ နှစ် အရွယ် အမေရိကန် ကျောင်းသား Otto Warmbier ကတော့ မနေ့ တနလာၤနေ့က အိုဟိုင်းယိုး ပြည်နယ် Cincinnati မှာ ကွယ်လွန်ခဲ့ပါတယ်။ သတိလစ် မေ့မြောနေတာကို ကုသရင်း ကွယ်လွန်ခဲ့တာပါ။ အမေရိကန် သမ္မတ Donald Trump ကလည်း ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားပါတယ်။ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား ၃ ဦး မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG