သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ရှိ မြောက်ကိုရီးယားစားသောက်ဆိုင် ဘာကြောင့်ပိတ်ရသလဲ


တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားစားသောက်ဆိုင်တခု
တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားစားသောက်ဆိုင်တခု

မြန်မာနိုင်ငံက မြောက်ကိုရီးယား စီးပါွးရေးလုပ်ငန်းတွေကို ပိတ်သိမ်းစေပြီး နေရပ်ရင်းပြန်စေခဲ့တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖေါ်တာဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူက ပြောပါတယ်။ အခုလို ဆောင်ရွက်မှုကြောင့် အမေရိကန်သမ္မတ Doanld Trump က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စီကို ကျေးဇူးတင်ကြောင်း လွန်ခဲ့တဲ့လက စာရေးသားပေးပို့ခဲ့ပါတယ်။ မြောက်ကိုရီးယား စီးပွါးရေးလုပ်ငန်းတွေကဘာတွေပါလဲဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာန ညွှန်ကြားရေးမှူး ဦးစိုးဟန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စဖြေပါတယ်။

ဦးစိုးဟန်။ ။ အဲဒါကတော့ ကျနော်တို့က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်လေ ။ ဖြစ်တဲ့အခါကျတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ လိုက်နာဖို့တာဝန်ရှိတာနဲ့ ကျနော်တို့က ရန်ကုန်မှာရှိတဲ့ မြောက်ကိုရီးယားစားသောက်ဆိုင်ပေါ့နော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Resolution နဲ့အညီ ပြန်လည်ထွက်ခွာစေခဲ့တာပေါ့နော်။

ကိုအောင်အောင်။ ။ အဲဒါက ဘယ်အချိန်တုန်းလောက်ကပါလဲ။

ဦးစိုးဟန်။ ။ ကျနော်လည်း မမှတ်မိဘူး အကြမ်းဖျဉ်းပြန်ပြောရင် ပြီးခဲ့တဲ့ ၂ လနဲ့ ၃ လလောက်မှာဆိုပြီးတော့ ကျနော် မှတ်မိသလောက်ဖြစ်ပါလိမ့်မယ်။

ကိုအောင်အောင်။ ။ မြောက်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေဆိုတဲ့အခါကျတော့ စားသောက်ဆိုင်လုပ်ငန်းတခုပဲလား တခြားဘာလုပ်ငန်းတွေပါပါသေးသလဲ။

ဦးစိုးဟန်။ ။သိသလောက်ကတော့ သူ့လုပ်ငန်းက စားသောက်ဆိုင်လုပ်ငန်းပဲ ရှိပါတယ်။

ကိုအောင်အောင်။ ။ မြောက်ကိုရီးယားဘယ်နှစ်ယောက်လောက်ကို နိုင်ငံထဲကနေ ထွက်ခွာသွားခိုင်းတာပါလဲ။

ဦးစိုးဟန်။ ။ကျနော်မှတ်မိသလောက်တော့ အယောက် ၂၀ ပတ်ဝန်းကျင်လောက်ရှိပါလိမ့်မယ်။

ကိုအောင်အောင်။ ။ ဒီမြန်မာနိုင်ငံမှာ စားသောက်ဆိုင်လာဖွင့်တဲ့အခါကျတော့ မြောက်ကိုရီးယားသံရုံးကဖွင့်တာလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်တာပါလဲ။

ဦးစိုးဟန်။ ။ ကျနော်တို့ သိသလောက်ကတော့ သံရုံးကဖွင့်တယ်လို့တော့ မဟုတ်ပါဘူး။ သူတို့လည်းပြောပါတယ် သံရုံးက ဖွင့်တာမဟုတ်ဘူးလို့တော့ ပြောတယ် သို့သော် ဒါက တနည်းနည်းတော့ ပတ်သက်မှုရှိနိုင်မယ်လို့တော့ ယူဆတယ်။

ကိုအောင်အောင်။ ။ ဘယ်လိုပုံစံမျိုးနဲ့ သူတို့တွေ စားသောက်ဆိုင်လာဖွင့်ဖို့အတွက် မြန်မာအစိုးရဆီမှာ ခွင့်ပြုချက်ရယူတာပါလဲ။

ဦးစိုးဟန်။ ။ကျနော်သိသလောက်တော့ လုပ်ငန်းရှင်တဦးနဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့လုပ်ငန်းပါ။

ကိုအောင်အောင်။ ။ လုပ်ငန်းရှင်ဆိုတာက မြောက်ကိုရီးယားလုပ်ငန်းရှင်လား တခြား တဦးဦးကို နာမည်ခံပြီးတော့ ဖွင့်တာလားခင်ဗျ။

ဦးစိုးဟန်။ ။သူတို့က မြန်မာပြည်က လုပ်ငန်းရှင်တယောက်နဲ့ ပူးတွဲပြီးတော့ ဖွင့်တယ်လို့ ကျနေ်ာတို့ သိရပါတယ်။

ကိုအောင်အောင်။ ။ မြန်မာလုပ်ငန်းရှင်တယောက်နဲ့ပေါ့နော်။

ဦးစိုးဟန်။ ။ဟုတ်ကဲ့

ကိုအောင်အောင်။ ။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လိုက်နာပြီးတော့ အခုလို မြောက်ကိုရီးယားရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းမယ်ဆိုတဲ့ အခါကျတော့ ဒီလုပ်ငန်းရှင်တွေကနေ တဆင့်အကြောင်းကြားပြီးတော့ သူတို့ကို ပြန်ခိုင်းတာလား။

ဦးစိုးဟန်။ ။ကျနော်တို့က မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ်တော့ ရှိပါတယ်။ ကျနော်တို့ သူတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး ကျနော်တို့ ပြောပါတယ် ကောင်းကောင်းမွန်မွန်ပဲ သူတို့အနေနဲ့ လိုက်နာရမယ့် လုပ်ငန်းတာဝန်တွေရှိတယ်။ ဒါကြောင့် ဒီလိုမျိုးလေးတွေကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ သူတို့ကို တိုက်ရိုက်ပြောပါတယ်။ ကျနော်တို့အလုပ်က သံရုံးတွေနဲ့ပဲ ထိတွေ့ပြီးတော့ စကားပြောရတာဖြစ်ပါတယ်။ ကျန်တာကတော့ သူတို့ဟာသူတို့ ဆက်လုပ်သွားတာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာန ညွှန်ကြားရေးမှူး ဦးစိုးဟန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG