သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီယားပေါ် ကုလဒဏ်ခတ်မှု ထိရောက်စေဖို့ ကန်နဲ့ မြန်မာ ပူးပေါင်းမည်


မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်နိုင်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ အမေရိကန်က ကြိုးပမ်းရာမှာ မြန်မာနိုင်ငံကလည်း ပါဝင် ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာန က ဗွီအိုအေကို ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေးဟာ အမေရိကန်ရဲ့လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေမယ့် အခြေအနေမျိုး ရောက်လာမယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့မှု အပါအဝင် အခြား ဖိအားပေးမယ့် လမ်းကြောင်းတွေ ရှိနေတယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောဆိုလိုက် အပြီးမှာ အခုလို အမေရိကန်နိုင်ငံခြားရေးဌာနက တုန့်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မြောက်ကိုရီးယားနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ် အထိတောင် ရောက်နိုင်တယ်လို့ ယူဆရတဲ့ တိုက်ချင်းပစ် ဒုံးကျည်ကို ဇူလိုင်လ (၄)ရက်နေ့က မြောက်ကိုရီးယားဘက်က စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယား အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေတာပါ။

ပြီးခဲ့တဲ့သတင်းပတ်က စင်ကာပူနိုင်ငံမှာကျင်းပတဲ့ မြောက်ကိုရီးယားအရေးနဲ့ ဒေသတွင်းလုံခြုံရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Mr. Yunရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရို ပြောခွင့်ရ အမျိုးသမီး Anna Richey-Allen က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဇူလိုင်လ ၄ ရက်နေ့က တိုက်ချင်းပစ် ဒုံးလက်နက်ကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တာ အပါအဝင် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယားက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ စိုးရိမ်မကင်း ဖြစ်မှုကို အထူးကိုယ်စားလှယ်ရုံးက မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် မ ျှဝေခဲ့ပါတယ်။ ”

ဒါ့အပြင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေ ထိရောက်နိုင်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေမှာ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း မြန်မာခေါင်းဆောင်တွေက တုန့်ပြန်ပြောဆိုခဲ့တယ်လို့ Anna Richey-Allen ကဆိုပါတယ်။

“ မြောက်ကိုရီးယားအစိုးရအပေါ် ဖိအားတွေတိုးပေးနိုင်ဖို့ နည်းလမ်းတွေအပါအဝင်၊ မြောက်ကိုရီးယားရဲ့ ရန်စရာရောက်တဲ့ အပြုအမူတွေကို တုံ့ပြန်ရာမှာ အမေရိကန်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အမေရိကန် အစိုးရ အရာရှိတွေက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားဖို့လည်း နှစ်ဖက်တို့ သဘောတူခဲ့ကြပါတယ်။ ”

Mr. Yun နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံခြားရေးဌာန ပြောခွင့်ရကလည်း မြောက်ကိုရီးယားနဲ့ သံတမန်ရေးအရ ဆက်ဆံမှုသာရှိပြီး စစ်ဖက် ဆက်ဆံရေးမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာအနေနဲ့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုံ ဖြစ်စေလိုတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ သံအမတ်ကြီး Mr. Yun နဲ့တွေ့ဆုံအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ်လို့ သံအမတ်ကြီး Joseph Yun ရဲ့ မြန်မာခရီးစဉ်ဟာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို အမေရိကန်ဘက်က ဆက်ပြီး စိုးရိမ်မကင်းဖြစ်နေတာဆိုတာကို ပြနေတာဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steingberg ကပြောပါတယ်။

“ စစ်ရေးအရ ဆက်ဆံမှုတွေပါဝင်နေတဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်အတန်ကြာ ကတည်းက အမေရိကန်ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်ခဲ့တာပါ။ ဒါကလည်း အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အခု သံအမတ်ကြီး Joseph Yun ရဲ့ မြန်မာခရီးစဉ်ဟာ အမေရိကန်က ဆက်ပြီး စိုးရိမ်မကင်းဖြစ်နေတယ်ဆိုတဲ့ လက္ခဏာကိုပြနေတာပါ။ မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရချင်း ဘယ်လိုဆက်ဆံရေးရှိနေလဲဆိုတာကို ကျနော်အတိအကျတော့ မသိပါဘူး။ သေချာတာကတော့ သံတမန် ဆက်ဆံရေး ရှိနေတာက ထင်ရှားပါတယ်။ မြောက်ကိုရီးယားရဲ့ စီးပွားရေး လုပ်ငန်းအဖြစ် မြန်မာနိုင်ငံမှာ စားသောက်ဆိုင် ဖွင့်လှစ်ထားတာကို ကျနော်သိပါတယ်။ ”

အရင် စစ်အစိုးရလက်ထက် မြန်မာ နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ စစ်ရေးအရ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ နောက်ဆက်တွဲ လက်ကျန်ဆက်စပ်မှုတွေကို လက်ရှိ မြန်မာတပ်မတော်အနေနဲ့ လုံးဝဖြတ်တောက်ပစ်ဖို့ အမေရိကန်ဘက်က လိုလားကြောင်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖေါ်ပြခဲ့ပါတယ်။

အရင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ခုနှစ်ကတော့ မြန်မာအစိုးရ မစ်ဇိုင်း သုသေသနနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေး ဌာန ပစ္စည်းထုတ်လုပ်ရေးရုံး (DDI) ရဲ့အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး အပေါ် မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG