သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို ယုံကြည်စိတ်ချရမှ မြောက်ကိုရီယား နူကလီးယား ကင်းအောင်လုပ်မည်


မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၇၃ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ စကားပြောစဉ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၇၃ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ စကားပြောစဉ်။

အမေရိကန်ပြည်ထောင်စုပေါ်မှာ လုံလောက်တဲ့ယုံကြည်မှု မရှိသေးဘဲနဲ့တော့ နျူကလီးယား ကင်းရှင်းရေး လုပ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောတဲ့မိန့်ခွန်းထဲ ဝန်ကြီး Ri Yong Ho က “အမေရိကန်ကို မယုံရဘဲနဲ့ တော့ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် စိတ်ချလောက်စရာ မရှိပါဘူး။ အဲဒီအခြေအနေတွေအောက်မှာ ကိုယ့်တဘက်တည်းက အရင်ဆုံး နျူကလီးယား ဖျက်သိမ်းဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး” လို့ပြောပါတယ်။

“နျူကလီးယားကင်းရှင်းရေး DPRK အစိုးရရဲ့ သန္နိဋ္ဌာန်ဟာ ခိုင်မာမြဲမြံပါတယ်၊ ဒါပေမဲ့ အမေရိကန်အပေါ် ကျနော်တို့ရဲ့ယုံကြည်မှု အပြည့်အဝရအောင် အမေရိကန်က လုပ်ဆောင်မှသာ အဲဒီကိစ္စ ဖြစ်နိုင်ခြေ ရှိပါလိမ့်မယ်” လို့လည်း ဝန်ကြီး Ri Yong Ho က ပြောပါတယ်။ DPRK ဆိုတာကတော့ မြောက်ကိုရီးယားရဲ့ တရားဝင်နိုင်ငံအမည်ကို အတိုကောက် ခေါ်ဆိုသုံးစွဲတာပါ။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဇွန်လက စင်္ကာပူမှာ သမိုင်းဝင် ထိပ်သီး အစည်းအဝေး လုပ်ပြီးတဲ့နောက် နျူကလီးယားကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေရတာဟာ အမေရိကန်အပေါ် ယုံကြည်မှုအားနည်းနေတာကြောင့်ဖြစ်တယ်လို့ ဝန်ကြီး Ho ကပြောပါတယ်။

နှစ်နိုင်ငံအကြားမှာ ယုံကြည်မှုကင်းမဲ့တာ ဆက်ရှိနေမယ်ဆိုရင် ဒီထိပ်သီးအစည်းအဝေးရဲ့ ပူးတွဲကြေညာချက် ဟာလည်း “နှစ်နိုင်ငံအကြား အရင်က သဘောတူညီချက်တွေအားလုံး ကျဆုံးသွားတဲ့ ကြမ္မာအတိုင်း” အလားတူ ကြုံတွေ့ရမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho က သတိပေး ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG