သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမိုင်းဝင် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲစတင်


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ကိုရီးယား ၂ နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကြာ ပိုင်းခြားထားတဲ့ နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို လမ်းလျှောက် ဝင်ရောက်ခြင်းနဲ့အတူ သမိုင်းဝင် တောင်နဲ့ မြောက်ကိုရီးယား ထိပ်သီးစည်းဝေးပွဲကို သောကြာနေ့က စတင်လိုက်ပါတယ်။

ထိပ်သီးစည်းဝေးပွဲအပြီး နြူကလီးယား ဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တွေကို မကြေညာခင် ခေါင်းဆောင် ၂ ဦးဟာ တဦးနဲ့တဦး ဖက်လိုက်ကြပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နြူကလီးယားကင်မဲ့ပြီး နြူကလီးယား အပြီးအပိုင် ဖျက်သိမ်းရေးဆိုတဲ့ ဘုံသဘောတူညီချက်ကို ခေါင်းဆောင် Kim Jong Un နဲ့ ကျွနု်ပ် ထပ်လောင်း အတည်ပြုပါကြောင်း နှစ်ဘက် ရရှိခဲ့တဲ့ Panmunjom သဘောတူညီချက်တွေကို တောင်ကိုရီးယားသမ္မတ Moon Jae-in ဖတ်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကလည်း သဘောတူညီချက်ကို ထောက်ခံကြောင်း ပြောကြားလိုက်ပြီး - အခု ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အပါအဝင် အရင်က ရရှိထားတဲ့ သဘောတူညီတွေကတဆင့် တောင်နဲ့မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ အသွင်ကူးပြောင်းရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။

သောကြာနေ့ အစောပိုင်းတုန်းကတော့ ခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ လေးနက်ပြီး ပွင့်လင်းတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိတွေက ပြောကြားခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားအကြား တည်ရှိခဲ့တဲ့ အတိတ်က ဒဏ်ရာတွေကို ကုစားနိုင်ဖို့ ဒီ တွေ့ဆုံ ဆွေးနွေးမှုကို တန်ဖိုးထားသင့်ကြောင်း တာင်ကိုရီးယား သမ္မတ Moon Jae-in ပြောကြားခဲ့တာကို ကိုးကားပြီး တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးစည်းဝေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က ဒီကနေ့မနက်မှာ Twitter လူမှုကွန်ယက်ကတဆင့် ၂ ကြိမ် ရေးသားခဲ့တာမှာ - ပထမအကြိမ်မှာတော့ နြူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်ပစ်လွတ်မှုတွေ တနှစ်ပတ်လုံး ပြုလုပ်ခဲ့ပြီးတဲ့နောက် သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း၊ ကောင်းမွန်တာတွေ ဖြစ်ပေါ်နေပေမယ့် အချိန်ကဘဲ အဖြေပေးမှာဖြစ်ကြောင်း ရေးသားခဲ့ပြီး၊ ဒုတိယအကြိမ် ရေးသားမှုမှာတော့ ကိုရီးယားစစ်ပွဲ အဆုံးသတ်တော့မှာဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်မှာ လက်ရှိ ဖြစ်ပေါ်နေတာတွေကို အမေရိကန်ပြည်သူတွေ ဝမ်းမြောက် ဂုဏ်ယူသင့်ကြောင်း ရေးသားထားပါတယ်။

XS
SM
MD
LG