သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim ဒုတိယထိပ်သီး ညီလာခံကျင်းပဖို့ ဟနွိုင်းမှာ ပြင်ဆင်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေး နွေးပွဲကတော့ ဒီကနေ့စတင်ပါလိမ့်မယ်။ ဒီတကြိမ်တွေ့ဆုံမှုကတော့ ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမှာပါ။ ပြီးခဲ့တဲ့နှစ် စင်္ကာပူနိုင်ငံ မှာ ပထမအကြိမ်တွေ့ခဲ့ကြတာရဲ့ အဆက်လို့ပြောရပါလိမ့်မယ်။ ၂နိုင်ငံ ထိပ်သီးတွေ့ဆုံမှုရဲ့ အဓိကအကျဆုံး အချက်ကတော့ မြောက်ကိုရီးယားနိုင်ငံ ရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းမှုကိစ္စပါ။ အခုတကြိမ်တွေ့ဆုံမှုကနေ ဘယ် လို ထူးခြားတဲ့တိုးတက်မှုတွေဖြစ်ပေါ်လာနိုင်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေ ကြပါတယ်။ ဒီအကြောင်း VOA သတင်းထောက်တွေရဲ့တင်ပြချက်တွေကို ကိုကျော်အောင်လွင်က စုစည်းပြီးပြောမှာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့အမေရိကန် သမ္မတဒေါ်နလ်ထရမ့် တို့ေ နာက်တကြိမ်ထပ်ပြီးတွေ့ဆုံဖို့လို အပ်တယ်၊ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်ဇွန်လ စင်္ကာပူမှာတွေ့ဆုံခဲ့ကြတုန်းက ကတိပေးပြောဆိုထားတဲ့အတိုင်း မြောက် ကိုရီးယား ဘက်က မလုပ်သေးတာကြောင့်လို့ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန်က လွန်ခဲ့တဲ့၂လကပဲပြောထားပါတယ်။ သမ္မတ ဒေါ်နလ်ထရမ့် က သူ့ရဲ့နိုင်ငံခြားရေးမူဝါဒတွေက အောင်မြင်တယ်လို့ မကြာခင်ကပဲ ကြေညာထားတာပါ။ အခုဒုတိယ တကြိမ်ထပ်တွေ့ကြပြီးနောက်ပိုင်း ထူးခြားတဲ့ တိုးတက်မှုတွေရှိမလာရင် တော့ သမ္မတထရမ့်အတွက် နိုင်ငံရေးအရ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်လို့လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ သမ္မတထရမ့်ကတော့ အခုတခေါက်တွေ့ဆုံမှုဟာ သိပ်ပြီးထူးခြားမယ့်တွေ့ဆုံမှုလို့ သူဗီယက်နမ်ကို မထွက်ခွာမီ အိမ်ဖြူတော် မှာကျင်းပတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး တွေနဲ့ တွေ့ဆုံပွဲအတွင်း ပြောခဲ့ပါတယ်။

"သိပ်ကောင်းမွန်မယ့် ထိပ်သီးတွေ့ဆုံမှုဖြစ်ပါတယ်။ သိပ်ပြီးထူးခြားတဲ့ တွေ့ဆုံမှုဖြစ် လိမ့်မယ် လို့လည်းကျနော်ထင်ပါတယ်။ နျူကလီးယား လက်နက်ဖျက်သိမ်းမှုကို ကျနော်တို့ လိုလားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ စီးပွားရေးအားဖြင့် စံချိန်တင်လောက်အောင် မြန်မြန်ဆန်ဆန်နဲ့တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကျနော်ယူဆပါတယ်" လို့ သမ္မတ ထရမ့်ကပြောသွားခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ကင်းစင်ရေးလို့ပြောဆိုနေတဲ့ ဒီအသုံးအနှုန်း အပေါ်မှာကိုပဲ မြောက်ကို ရီးယားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုက အမေရိကန် နဲ့ ကွဲလွဲနေတဲ့ အကြောင်း ဗွီအိုအေ ကိုရီးယားဌာနမှူး Dong Hyuk Lee က ထောက်ပြပါတယ်။

"ဒီနေရာမှာ သိပ်ပြီးအရေးကြီးတဲ့အချက်တခုရှိပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ပါ့ မယ်လို့ ကင်ဂျုံအွန်းအနေနဲ့ ဘယ်တုန်းကမှ တဖက်သပ် ကတိပေးထားတာ မရှိပါဘူး။ သူကတိပေးထားတာက ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ကင်းစင်ရေးဆိုတာကိုပါ။ အခုအမေရိကန် ကလည်း ကိုရီးယားကျွန်းဆွယ်မှာ နျူက လီးယားလက်နက်ကင်းစင်ရေးဆိုတာကို လက်ခံပြီးပြောဆို လုပ်ကိုင်နေပါတယ်။ အဓိပ္ပါယ်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ ဖျက်သိမ်းရေးပါ။ ဘာကြောင့်လဲဆိုတော့ တောင်ကိုရီးယား မှာ နျူကလီးယားလက်နက်မှ မရှိ ပဲကိုး။ ဒါပေမဲ့လည်း မြောက်ကိုရီးယားဘက်ကတော့ ဒီလိုမမြင်ပါဘူး။ သူတို့လက်ခံထားတာက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ကင်းစင်ဖို့ အတွက် ကိုရီးယားကျွန်းဆွယ်မှာရှိနေတဲ့ အမေရိကန်ရဲ့ နျူကလီးယား ဖြန့်ကျက်မှု အဝန်းအဝိုင်းကိုပါ ပယ်ဖျက်ပေးဖို့လိုတယ်လို့ ယုံကြည်နေတာပါ။ ဒီကိစ္စက တော်တော်ကျယ်ပြန့်တဲ့ကိစ္စပါ။ အဲဒါကြောင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အင်မတန်မှ အရေးကြီးတဲ့ကိစ္စဖြစ်နေပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား သဘောတူညီချက်ရှိနေပြီလားဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး"

အမေရိကန်နဲ့မြောက်ကိုရီးယား၂နိုင်ငံအကြားဆက်ဆံရေးမှာ လောလောဆယ် အဓိကထားပြီးဖြေရှင်းရမယ့် အချက်၄ခု ရှိတယ်လို့ လေ့လာ သူတချို့ကပြောကြပါတယ်။ အဲဒါတွေကတော့ အမေရိကန်နဲ့မြောက်ကိုရီးယား၂နိုင်ငံအကြား ဆက် သွယ်ပြန်ကြားရေး ရုံး အပြန်အလှန်ထားရှိရေး၊ တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံအကြား စစ်ပြေငြိမ်းကြောင်း ကြေညာရေး၊ နျူကလီးယား လက်နက်အစီအစဉ် ဖျက်သိမ်းရေး၊ ဒုတိယကမ္ဘာ စစ်အတွင်း မြောက်ကိုရီးယားမှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေပြီး နေရပ်ပြန်ယူဆောင်ရေးတို့ပဲဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ကတော့ စီးပွါးရေးလောကက လာတဲ့သူပီပီ မြောက်ကိုရီးယား အတွက် စီးပွားရေး တိုး တက်မှုတွေကို မက်လုံးပေး ကမ်းလှမ်းနေ တာပါ။ ဖေဖေါ်ဝါရီလ၂၄ရက်နေ့က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်အတွင်းရေး ဖေါ်ပြခဲ့တာက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအနေနဲ့ နျူကလီးယား လက်နက်မရှိဘူးဆိုရင် သူ့ရဲ့နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ စီးပွါးရေး အင်အားကြီးနိုင်ငံတခုအဖြစ် ခပ်မြန်မြန်ရောက်လာနိုင်တယ်ဆိုတာကို သဘောပေါက် ပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတည်ရှိတဲ့နေရာနဲ့ မြောက်ကိုရီးယား လူမျိုးတွေကြောင့် ပါပဲ။ အလားအလာကောင်း တွေနဲ့မြန်မြန်တိုးတက် ထွန်းကားလာမယ့်နိုင်ငံ တခုဖြစ်လာနိုင်တယ်လို့ သမ္မတထရမ့်က ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ရေးသားဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG