သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ကွတ်ခိုင်တိုက်ပွဲ အရပ်သားများ သေဆုံးဒဏ်ရာရ


တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ရှိ ခိုလုံဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် ဒေသခံများ။ (သြဂုတ် ၂၅၊ ၂၀၁၉)
တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ရှိ ခိုလုံဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် ဒေသခံများ။ (သြဂုတ် ၂၅၊ ၂၀၁၉)

NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ KIO, TNLA, MNDAA, AA တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးနေဆဲ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ ဒီနေ့မနက်ဖြစ်တဲ့တိုက်ပွဲမှာ အရပ်သားသေကျေမှုတွေဖြစ်ခဲ့ရပြီး ဒီလို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး လူ ၅ ဦးသေဆုံးသွားပြီး ဒီလို ကြားက အရပ်သားတွေနဲ့ စီးပွားရေးထိခိုက်မှုများတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ ဒေသကိုယ်စားလှယ်တွေက ပြောပါတယ်။ သတင်းထောက်နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း ဒီမနက်ပိုင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ဒီမနက်ပိုင်း ကွတ်ခိုင်မြို့အတွင်းဖြစ်တဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ထိမှန်လို့ မော်ဟိတ်ရွာက ရွာ သားတွေ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ကွတ်ခိုင်မြို့တွင်း စစ်ဘေးသင့်သူများ အရေးပေါ်ကူညီ ကယ်ဆယ်ရေးကွန်ရက် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ဝင် မိုင်အိုက်မွန်းက အခုလိုပြောပါတယ်။

“ဒီမနက်ပိုင်းကျတော့ ရပ်ကွက် ၈ ဘက်မှာ တိုက်ပွဲဖြစ်တာပေါ့နော်။ မြို့ထဲဖြစ်တယ်။ မနက်ပိုင်းမှာတော့ ပြန်ငြိမ်သွားပြီးတော့ နေ့လယ်ပိုင်းရောက်တဲ့အချိန်ကျ ရပ်ကွက် ၂ အနောက်ခြမ်း အေးရှားဝေါလ်တိုးဂိတ်အနားလေးမှာရှိတဲ့ အရင်တုန်းက မော်ဟိတ်စုစည်းပေါ့နော်။ အဲဒီနားလေး ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်လိုက်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ နောက်ပိုင်း သိပ်မကြာဘူး။ လက်နက်ကြီးတွေ ဆက်တိုက်ကျတဲ့အချိန်မှာ ရွာထဲမှာရှိတဲ့ အိမ်တွေမှာကျတာ။ ကျတော့ အဲဒီမှာ လူ ၈ ယောက်ထိတာပေါ့။ ၅ ဦးကတော့ ဆုံးသွားတယ်။ တဦးကတော့ ဆေးရုံရောက်မှ ၄ ဦးကတော့ ပွဲချင်းပြီးပဲ။ လသားအရွယ် ကေလးတယောက်ရယ်။ နောက် ၁၀ နှစ်အရွယ်လောက်ရှိတဲ့ ကလေးတယောက်ပါတယ်။ ကလေးက ၂ ဦး။ အမျိုးသမီးက ၃ ဦး။ လောလောဆယ်ဆုံးသွားတဲ့ အထဲမှာပေါ့နော်။ ဒဏ်ရာရတဲ့ ၃ ယောက်က အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးပေါ့နော်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတော့ အရေးပေါ်လူနာအခြေအနေဖြစ်နေလို့ လားရှိုးဆေးရုံကိုလွှဲလိုက်ပြီ။”

မနက်ပိုင်းမှာ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက် ၈ မှာတိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အကြား မော်ဟိတ်စုစည်းရွာဘက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကြောင့် ကလေး ၂ ဦး အမျိုးသမီး ၃ ဦး ပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး လက်ရှိ ကွတ်ခိုင်မြို့တွင်း အခြေအနေကိုတော့ မိုင်အိုက်မွန်းက အခုလိုပြောပါတယ်။

“လက်ရှိ ကွတ်ခိုင်အခြေအနေကတော့ တမြို့လုံးက တိတ်ဆိတ်နေတာ။ ဈေးဆိုင်တွေ အိမ်ဆိုင်တွေ ဘာမှမဖွင့်တော့ အိမ်တွေအကုန်လုံး တံခါးခြံဝင်းတွေကလည်း အကုန်ပိတ်။ လမ်းပေါ်မှာတော့ လူသူလုံးဝမရှိဘူး။ မြို့ထဲမှာလည်းရောက်လာပြီး ဆိုတော့လေ။ ကားအသွားအလာတော့ လုံးဝမရှိဘူးဗျ။”

မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ သူကဆိုပါတယ်။

ဒီကနေ့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ တပ်မတော် ပြန်ကြားရေးနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုးဂိတ်၊ နောင်ချိုက မူးယစ်စစ်ဆေးရေးဂိတ် အပါအဝင် တိုးဂိတ် ၃ ခုတို့ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကနေ ဝင် ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ် လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကျောက်မဲဘက်မှာ နှစ်ဖက်စစ်ရေး တင်းမာမှှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ ပြည်ထောင်စုလမ်းမကြီးလည်း ပိတ်သွားပြီး ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့သွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေလျှော့ချပြီး ရလဒ်ကောင်းတွေမျှော်လင့်ကြောင်း လားရှိုးမဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းက ပြောပါတယ်။

“အဓိကသည် ထိုးစစ်ဆင်မှုတွေ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လိုအပ်ပါတယ်ခင်ဗျ။ ဒီကနေ့မြင်ရတာ တိုက်ပွဲတွေမှာ အရပ်သားတွေခံရတဲ့ဖြစ်စဉ်မှာ အင်မတန်မှ ဆိုးဝါးပါတယ်ပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲတွေလျှော့ချသွားဖို့လည်း ဒီဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရပါစေလို့လည်း မျှော်လင့်နေကြတာပေါ့ခင်ဗျာ။”

ဒီကနေ့ NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံမှုမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ရပ်တန့်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ စာချုပ်အမြန် ရေးထိုးနိုင်ရေး ကိစ္စတွေကို ဆွေနွေးခဲ့ကြသလို တပ်နေရာချထားရေး တိုက်ပွဲမဖြစ်ပွားအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ရယူရေးကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့မှာ နှစ်ဖက်ထပ်မံတွေ့ဆုံသွားမှာဖြစ်ပြီး တွေ့ဆုံမယ့်နေရာကို ထပ်မံညှိနှိုင်းဖို့ သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်ကိုယ်စားလှယ်တွေကနေ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ KIO, TNLA, MNDAA, AA တို့ရဲ့ ဆွေးနွေးပွဲကို ဒီနှစ်ထဲ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာတကြိမ်၊ ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့မှာတကြိမ်၊ ဇွန်လ ၃၀ ရက်နေ့က မိုင်းလားမှာတကြိမ်နဲ့ ဒီကနေ့ ကျိုင်းတုံမြို့မှာတကြိမ် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG