သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ခိုက်မှု ရှမ်းညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေး


မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် နေရာတချို့ တိုက်ခိုက်ခံရပြီးနောက် ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မသကာၤမှုနဲ့ ရှမ်းလူငယ် နှစ်ဦးကို ဖမ်းဆီးထားပြီး အခုအချိန်ထိ ပြန်မလွတ်သေးပါဘူး။ ပြင်ဦးလွင် ရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ ဒီလူငယ် နှစ်ဦးကို မိသားစုက တွေ့ခွင့်ရရှိခဲ့ပါတယ်။ နောက်ဆုံးရ အခြေအနေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော် နည်းပညာ တက္ကသိုလ်၊ တိုးဂိတ်၊ နောက် နောင်ချိုက မူးယစ် စစ်ဆေးရေး ဂိတ် အပါအဝင် တိုးဂိတ် ၃ ခုတို့ သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်း အတွင်းမှာဘဲ စိုင်းခွန်မိုင်းနဲ့ စိုင်းလိုင်းစင်တို့ကို အာဏာပိုင်တို့က ဖမ်းဆီးခဲ့တာပါ။

စိုင်းခွန်မိုင်းကို သြဂုတ်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးပြီး ညီဖြစ်သူ စိုင်းလိုင်းစင်ကိုတော့ သြဂုတ်လ ၁၉ ရက်နေ့ ခရီးက ပြန်လာပြီးနောက် လုံခြုံရေး တာဝန်ရှိသူတွေက မေးမြန်းလိုတယ် ဆိုတဲ့ အတွက် သွားရောက် တွေ့ဆုံတာမှာ ပြန်မလွှတ်တော့ဘဲ ဖမ်းထားလိုက်တာလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ် ကွန်ရက်က ပြောဆိုထားပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာတော့ တရားရုံးမှာ သူတို့ နှစ်ဦးကို သီတင်းတပတ် ချုပ်ရက် ရမန် ရယူပြီး ပြင်ဦးလွင် ရဲစခန်းမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

မိသားစုနဲ့ တွေ့ခွင့်ရတဲ့ အကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ် ကွန်ယက် အဖွဲ့က စိုင်းနော်စိုင်းက ပြောပါတယ်။

“မလွှတ်သေးဘူးခင်ဗျ။ သူတို့အခြေအနေကတော့ စစ်ဆေးဖို့ ကျန်နေသေးတယ်ဆိုလားမသိဘူး။ မိသားစုဝင်တွေနဲ့တော့ တွေ့ခွင့်ပေးပါတယ်။ ညှဉ်းပမ်းနှိတ်စက်မှုကတော့ မလုပ်ဘူးလို့ပြောတယ်ခင်ဗျ။ ရိုက်တာနက်တာလည်းမရှိဘူးလို့ ပြောတယ်ခင်ဗျ။”

စိုင်းခွန်မိုင်းနဲ့ စိုင်းလိုင်းစင် တို့ ညီအကို နှစ်ဦးက ကော်တိုင်း ရှမ်းကွန်မြူနတီ ကောလိပ်မှာ ကျောင်းဆရာတွေ ဖြစ်ကြပြီး စိုင်းခွန်မိုင်းက ၂၀၁၈ ခုနှစ် အထိ ကျောင်းဆရာ လုပ်ခဲ့ပြီး စိုင်းလိုင်းစင်ကတော့ အခုအချိန်ထိ ကျောင်းဆရာ လုပ်နေတာလို့လည်း ဆိုပါတယ်။ မိဘတွေကတော့ ပြင်ဦးလွင်မြို့နယ် ဖောင်တောကျေးရွာမှာ စိုက်ပျိုးရေး လုပ်ကိုင်ကြပါတယ်။ ဒီရှမ်းလူငယ် နှစ်ဦးမှာ အပြစ်မရှိတာကြောင့် ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ် ကွန်ရက်က တောင်းဆိုကြောင်းလည်း စိုင်းနော်စိုင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ထုတ်ပြန်ချက်အတိုင်းပေါ့နော် ဒီလူငယ် ၂ ယောက်က အပြစ်ရှိတဲ့လူတွေ မဟုတ်တဲ့အတွက် မိသားစုဆီကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

စိုင်းခွန်မိုင်းနဲ့ စိုင်းလိုင်းစင်တို့ ကို တရားရုံး အမိန့်မပါဘဲ ၂၄ နာရီ ကျော် ချုပ်နှောင်ခဲ့ကြောင်း၊ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ဒါ့အပြင် အများပြည်သူ မျက်ကွယ်မှာ ဖိအားပေးပြီး အတင်းအကြပ် ဝန်ခံ ထွက်ဆိုခိုင်းမယ့် အရေးကိုလည်း စိုးရိမ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ရက်က ပြောဆိုထားပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ တအာန်းပလောင် လက်နက်ကိုင်တပ် TNLA၊ ရခိုင်လက်နက်ကိုင်တပ် AA ၊ ကိုးကန့် လက်နက်ကိုင်တပ် MNDAA တို့က ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို တချိန်တည်း တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေ၇ါင်း ၁၅ ဦး သေဆုံးခဲ့ရပြီး ကျပ်သိန်း ၂ ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့လည်း အစိုးရက ဖော်ပြထားပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီး တလျှောက် တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး အပေါ်မှာလည်း ကြီးကြီးမားမား ထိခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရကလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG