သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေတိုးလာ


၂၀၁၅ ဖေဖော်ဝါရီတုန်းက လားရှိုးဘုန်းကြီးကျောင်းအတွင်း ခိုလုံနေသည် ဒုက္ခသည်များ
၂၀၁၅ ဖေဖော်ဝါရီတုန်းက လားရှိုးဘုန်းကြီးကျောင်းအတွင်း ခိုလုံနေသည် ဒုက္ခသည်များ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ကွတ်ခိုင်ဖက်တွေ မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေ စားသောက်နေထိုင်ရေးအခက်ကြုံနေပြီး စစ်ဘေးတိမ်းရှောင်သူ ဦးရည်လည်း တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်ဦးလွင်က တပ်မတော်နည်းပညာ တက္ကသိုလ် အပါအဝင် နေရာငါးနေရာကို မြောက်ပိုင်းမဟာမိတ်တွေက တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်းကတည်းက၊ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာခဲ့တာပါ။

ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတာနဲ့အတူပဲ၊ ကျေးရွာတွေက စစ်ပြေးဒုက္ခသည် အတော်များများဟာ နီးစပ်ရာမြို့တွေနဲ့ လုံခြုံတဲ့နေရာတွေဆီကို ခိုအောင်းဖို့ရောက်ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA)တို့ ပူးပေါင်းပြီး ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်က တပ်မတော်၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ရှမ်းမြောက်က မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊လားရှိုး၊ ကျောက်မဲ၊ ကွမ်လုံစတဲ့နေရာတွေမှာပါ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ။

ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ဒီနေ့တော့လမ်းမကြီးပေါ်မှာဘဲ လုံခြုံရေးယူထားတဲ့ သူတွေနဲ့ ၂ကြိမ်တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ကျန်တာတော့မဖြစ်ဘူး။ ကွတ်ခိုင် မြောက်ဘက် နမ့်ဖတ်ကာဘက်မှာပါ။ ထိခိုက်ဒဏ်ရာမရှိဘူးလို့ ကြားတယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၁၇ရက်နဲ့ ၁၈ ရက်တို့တွင် တိုက်ပွဲအကြိမ်ရေ ၂၀ ကျော်ရှိခဲ့တယ်လို့ သူကဆိုထားပါတယ်။ သြဂုတ် ၁၈ ရက်တွင် လားရှိုး-ကွတ်ခိုင်-မူဆယ်လမ်းကြောင်း တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး သိန်းနီ-ကွမ်းလုံလမ်းပေါ်တွင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ ကြောင်း ၎င်းက ပြောသည်။ တပ်မတော်ဘက်ကထုတ်ပြန်ချက်အရ သြဂုတ် ၁၇ ရက်မှာ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်ဒေသ တစ်ဝိုက်မှာ တိုက်ပွဲငါးကြိမ်၊ လားရှိုးမြို့အရှေ့ မြောက်ဘက် ကုန်းဆာဘက်မှ မြောက်ပိုင်း လက်နက်ကိုင် အင်အား ၂၀၀ ဦးခန့်က တပ်မတော်စစ်ကြောင်း များကို ပြန်လည်တိုက်ခိုက်တာ၊ လားရှိုး-သိန်းနီ-ကွတ်ခိုင်-(၁၀၅)မိုင် ပြည် ထောင်စုကားလမ်းမကြီးတစ် လျှောက်မှာ တိုက်ပွဲ ၁၀ ကြိမ်လောက် ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သတ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်း အိုက်ကျော် ကတော့

“တိုက်ပွဲကတော့ ဒီနေ့ဖြစ်ပွားမှုရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အသေးစိတ်မသိရသေးဘူး။ ၁၅၊ ၁၆၊ ၁၇ တော့ရှိတယ်။ တိုက်ပွဲက တောက်လျောက် တပ်ဘက်ကနေ အင်အားတွေဆက် လက်ဖြည့်နေတယ်။ ထိုးစစ်ကဒီတိုင်းဘဲရှိနေတယ်။ တိုက်ပွဲတွေက နေ့တိုင်းလိုလိုပြန်ဖြစ်လာတယ်။ ပြောမယ်ဆိုကျနော်တို့က ထိုးစစ်မဟုတ်ဘူး ခုခံကာကွယ်စစ်ဖြစ်တယ်။ တပ်ဘက်ကထိုးစစ်လုပ်နေတာ ကျနော်တို့ဒေသမှာကြာပြီ။”

တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ နမ့်ဖတ်ကာမှာ စားသောက်ဖို့ အခက်အခဲတွေဖြစ်နေပြီး လမ်းပန်း ဆက်သွယ်ရေးတွေပြတ်တောက် နေတာကြောင့် အတိဒုက္ခရောက်နေရတယ်လို့ နမ့်ဖတ်ကာမှာနေထိုင်သူ ဦးကျော်ဝင်းက ဗွီအိုအေကိုခုလိုပြောပြလာပါတယ်။

“အတိဒုက္ခကတော့ရွာပြင်တောင်ထွက်မရတော့ နေရထိုင်ရတာ ကျဉ်းကျပ်တာပေါ့။ စားရသောက်ရတာလဲဒုက္ခရောက်နေတယ်။ ကားအသွားလာလဲမရှိတော့ဘူး။ လားရှိုးကလာတာလည်းမရှိဘူး။ မူဆယ်ဘက်ကလာတာလဲမရှိတော့ ကြားထဲ ကရွာတွေက စားရေးသောက်ရေးခက်ခဲတာပေါ့။ ဆုတောင်းပေးပါ မြန်မြန်ငြိမ်းချမ်းအောင် ပေါ့နော်။”

တိုက်ပွဲကြောင့် စစ်ဘေး ရှောင်နေရသူ ဦးရေတိုးလာနေပါတယ်။ လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်း၊ သိန်းနီနဲ့ ကွတ်ခိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းအချို့မှာ ကချင် နှစ်ခြင်းခရစ်ယာန်ကျောင်းအချို့တွေမှာ ပြည်သူတွေခိုလှုံနေရပါတယ်။ လတ်တလောမှာ ဒုက္ခသည် ဦးရေ ၂၀၀၀ကျော်ရှိနေပါတယ်။ မနေ့က လက်နက်ကျည်ကျလို့ရွာသားသေဆုံးခဲ့တဲ့ ကုံးတက်ရွာအနီးကကျေးရွာ တွေမှာလည်း ရွာခံလူတွေထွက်ပြေးနေရတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ လားရှိုးလူငယ်အဖွဲ့ ဥက္ကဌ စိုင်းဟန်ကဆိုပါတယ်။ တိုက်ပွဲတွေအမြန်ရပ်ဖို့ သူကခုလိုတောင်းဆိုလိုက်ပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ညီနောင်သုံးဖွဲ့ဖြစ်တဲ့ TNLA တအားန်း ပလောင် တပ်၊ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်သုံးခုရဲ့ သြဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှု အတွင်းမှာတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား တချို့ သေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း အကျအဆုံး ဘယ်လောက် ရှိလဲ ဆိုတာတော့ တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကရော ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တိုက်ပွဲတွေ အတွင်း လမ်း တံတား တချို့ ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ မန္တလေး -နောင်ချို- လားရှိုးလမ်းက ဂုတ်တွင်းတံတား၊ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်း ပေါ်က တံတားအမှတ် ၆/၃၁ ၊ တံတားအမှတ် ၄/၁၆၊ တံတားအမှတ် ၂/ ၁၄ တို့ ပျက်စီးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ထိန်းချုပ်ရာနေရာတွေကို မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး လူသေကြေဒဏ်ရာရရှိတာတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ထိခိုက်စေလို့ တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက တုံ့ပြန်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တရုတ် မြန်မာနယ်စပ်ဒေသ တည်ငြိမ် ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်အနေနဲ့ ထောက်ခံပြီး၊ မြောက်ပိုင်းဒေသ အပစ်ရပ်စဲရေးအခြေနေကို ဆက်ထိန်းထားဖို့ကိုလည်း တရုတ်နိုင်ငံဖက်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG