သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ အပေါ် NLD ဝေဖန်


တပ်မတော် တပ်သားများ
တပ်မတော် တပ်သားများ

ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး အဓိက ကျတဲ့ ပြည်ထောင်စု လမ်းမကြီး တလျှောက်မှာ ကြိုကြား တိုက်ခိုက်မှုတွေ ရက်ဆက် ရှိနေပြီး မူဆယ် နယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်သွားပါတယ်။

မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့နဲ့ မြန်မာ့ တပ်မတော်ကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရှိနေဆဲပါ။ မနေ့ တနင်္ဂနွေနေ့ကတော့ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ တဝိုက်မှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ TNLA တအားန်း ပလောင် တပ်၊ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင်တပ်တို့ရဲ့ ညီနောင်မဟာမိတ်တွေ အဖြစ်နဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို အလစ်တိုက်ခိုက်ခဲ့ရာက စခဲ့တဲ့ တိုက်ပွဲတွေက အခုအချိန်ထိ မပြီးသေးတာပါ။ လက်ရှိ တိုက်ပွဲတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်တယ်လို့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးက ကျနော်တို့ရဲ့ မူဝါဒပါ ။ အဲဒီတော့ တိုက်ခိုက်မှုကို ဘယ်ဘက်ကပဲ လုပ်လုပ် ကျနေ်ာတို့ မနှစ်သက်ပါဘူး ။ ကျနော်တို့ အထူးသဖြင့် နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ရရှိအောင် ကြိုးစားနေရစဲပါ။ ဒီလိုတိုက်ခိုက်မှုတွေပေါ်ထွက်လာတာက ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီး အနှောင့်အယှက်ဖြစ်စေပါတယ်။”

မနေ့ တနင်္ဂနွေနေ့ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်းက နေရာ တချို့မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ညီနောင်သုံးဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ တနလာၤနေ့ မနက်ပိုင်း ကွတ်ခိုင် အခြေအနေကို ဒေသခံ တဦးကို ဆက်သွယ် မေးမြန်းတာမှာတော့ မြို့တွင်းမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ကွတ်ခိုင်မြို့ပြင်က ပစ်ခတ်သံ တချို့ ကြားရပေမယ့် မြို့တွင်းမှာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်” လို့ မြို့ခံ တဦးက ပြောဆိုခဲ့တာပါ။

လက်ရှိ တိုက်ပွဲတွေက တရုတ်နဲ့ ကုန်သွယ်ရေး အဓိက ဖြစ်တဲ့ မန္တလေး -မူဆယ် လမ်းမကြီးပေါ်က ဒေသတွေမှာ ဖြစ်နေတာပါ။ မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က အဓိက ကျတဲ့ ဂုတ်တွင်း တံတား အပါအဝင် အနည်းဆုံး တံတား ၄ စင်း ပျက်စီးခဲ့ပြီး လမ်းခရီး မလုံခြုံတဲ့ အခြေအနေကြောင်း ကုန်ကားတွေ အသွားအလာ ရပ်သွားပါတယ်။ ကုန်စည် စီးဆင်းမှု မရှိတော့တာကြောင့် မူဆယ် နယ်စပ် ကုန်သွယ်မှုကလည်း ရပ်သွားတယ်လို့ မူဆယ် ကုန်စည်ဒို လုပ်ငန်းရှင် စိုင်းခင်မောင်က ပြောပါတယ်။

“အခု အရေးအဝယ်ဆိုတာကလည်း ကုန်မဝင်ရင်တော့ ပျက်သွားတာပေါ့လေနော်။ ကျနော်တို့ သစ်သီးဝလံတွေကျတော့ ဒီအချိန်က ရာသီအချိန်မဟုတ်ဘူးလေ။ တခြားကဏ္ဍတွေကျတော့ ပျက်သွားတဲ့ သဘောမျိုးဖြစ်သွားတာပေါ့။ ပျက်သွားတယ်ဆိုတာက တချို့ ကုန်တွေက အဲဒီမှာပဲ လမ်းမှာပဲ စုပြုံနေတာကို။”

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ညီနောင်သုံးဖွဲ့ဖြစ်တဲ့ TNLA တအားန်း ပလောင် တပ်၊ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်သုံးခုရဲ့ သြဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှု အတွင်းမှာတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား တချို့ သေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း အကျအဆုံး ဘယ်လောက် ရှိလဲ ဆိုတာတော့ တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကရော ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တိုက်ပွဲတွေ အတွင်း လမ်း တံတား တချို့ ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ မန္တလေး -နောင်ချို- လားရှိုးလမ်းက ဂုတ်တွင်းတံတား၊ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်း ပေါ်က တံတားအမှတ် ၆/၃၁ ၊ တံတားအမှတ် ၄/၁၆၊ တံတားအမှတ် ၂/ ၁၄ တို့ ပျက်စီးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG