သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တရုတ်ခေါ်ယူဆွေးနွေး


MNDAA တပ်ဖွဲ့ဝင်များ
MNDAA တပ်ဖွဲ့ဝင်များ

မြန်မာနယ်စပ် တရုတ်နိုင်ငံရွှေလီ မြို့ နယ်စပ်တလျှောက် ဒီနေ့ မြန်မာအချိန် ၉ နာရီခွဲလောက်မှာ တရုတ်စစ်တပ်ရဲ့စစ်ရေးလေ့ကျင့်တာတွေရှိခဲ့ပါတယ်။ ဒီမတိုင်ခင်ရက်ပိုင်းအတွင်းကလည်း မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ TNLA, AA နဲ့ MNDAA သုံးဖွဲ့ကို တရုတ်အစိုးကရ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မနေ့က တနာရီခွဲကြာ ခေါ်ယူတွေ့ဆုံတယ်လို့ သိရပါတယ်။ ဆွေးနွေးတဲ့ အချက်တွေထဲမှာ ဒီအချက်တွေထဲမှာ တရုတ်နယ်စပ်မှာ စစ်မဖြစ်အောင် ကာကွယ်ဖို့ဆိုတဲ့အချက်လည်းပါ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေမှာ တရုတ်အစိုးရက သူ့အကျိုးစီးပွားအတွက် စိုးရိမ်မကင်းဖြစ်နေမလားဆိုတာ ပြည်တွင်းမှာ သုံးသပ်နေတာတာလည်းရှိပါတယ်။ ဒီနယ်စပ်အခြေအနေတွေကို နိုင်ငံရေးပါတီ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ဆက်သွယ်မေးမြန်းထားပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့အချိန်မှာ တရုတ်အစိုးရတာဝန်ရှိသူတွေက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ TNLA, AA, နဲ့ MNDAA သုံးဖွဲ့ကို ယူနန်ပြည်နယ်မှာ မနေ့က သြဂုတ် ၂၀မှာတွေ့ပြီး တချို့ကိစ္စရပ်တွေကို ဖိအားပေးညှိနှိုင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအချက်တချို့ကိုထဲမှာ မြန်မာတပ်မတော်ကို အပစ်ရပ် ၂လအတွင်း လက်ဦးမှုယူ တိုက်ခိုက်တာမျိုးမလုပ်သင့်ဘူး ဆိုတာအပါအဝင်၊ တရုတ်နယ်စပ်လုံခြုံမှုဖြစ်အောင်စောင့်ရှောက်ဖို့ ဒါတွေမလုပ်ဘူဆိုရင် ပြည်နှင်ဒဏ်ပေးသွားမယ်ဆိုတဲ့ ဖိအားတွေလည်းပေးခဲ့ပုံရတယ်လို့ နိုင်ငံရေးအသိုင်းအဝန်းက သုံးသပ်ပါတယ်။

ဒီကိစ္စကို ရခိုင်လက်နက်ကိုင် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ကြည့်တဲ့အခါမှာတော့ တွေ့ဆုံခဲ့တာ ဟုတ်ကြောင်း အစည်းအဝေး သွားသူတွေ ပြန်လာမှ သတင်းအတိအကျပြောနိုင်မယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ အဲဒီကိစ္စက ဒီအစည်းအဝေးသွားတဲ့ သူတွေ ပြန်လာတာ လမ်းမှာပဲရှိသေးတယ်ဆိုတော့ ကျနော်နဲ့ အဆက်အသွယ်လည်း မရသေးဘူးဗျ။”

ဒီနေ့ မနက်ပိုင်းနယ်စပ်မှာတော့ တရုတ်ဘက်က ရွှေလီမြို့နယ်စပ်မှာ PLA အပေါ့စားသံချပ်ကာ တင့်ကားတွေစစ်ရေးပြတာတွေ၊ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်တာတွေရှိခဲ့ပါတယ်။ အဲဒီနောက် မြန်မာနဲ့ ထိစပ်နေတဲ့ ကြယ်ခေါင်ဘက်ကို ရောက်ရှိလာတယ်လို့ကြားရပါတယ်။ တရုတ်စစ်ရေး လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးဂျီးနောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဟုတ်ကဲ့သူတို့ကတော့ ဟူဂျင်းလေ ကြယ်ငါးပွင့်အဖွဲ့တွေကို သိမ်းပြီးမှ တရုတ်တပြည်လုံးမှာသိမ်းပစ်လိုက်ပြီ။ မရှိတော့ဘူး အဲဒီဌာန အဲဒီအစား စစ်တပ်တွေလာနေကြပါတယ် PLA ပေါ့။ အဲဒီတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှု သူတို့လှုပ်ရှားမယ်ဆိုတာလည်း ပြောထားပါတယ် နှစ်ရက်အတွင်းမှာ။ နယ်စပ်လုံခြုံရေးပြည်သူ့စစ်အဖွဲ့ကို ဖယ်ပြီး တရုတ်စစ်တပ်က လုံခြုံရေးတာဝန်ယူလိုက်တာ။ သူတို့အမြှောက်တွေ ပစ်စမ်းတယ် သူတို့လက်နက်ကြီးတွေက အစပေါ့ လက်နက်ကြီး လက်နက်ငယ် နယ်စပ်မှာပစ်ကြတယ်။ လေ့ကျင့်ရေးပေါ့။ အခုလည်း စစ်တပ်မသိမ်းသေးဘူး။ ကျနော်ထင်တာကတော့ ဟူကျင်းသိမ်းပြီးတော့ သူတို့ (တရုတ်စစ်တပ်က) အဲဒီအစား နယ်စပ်မှာတာဝန်ယူထားပုံရတယ်။”

ဒါဟာတရုတ်က သူ့ရဲ့ CMEC လို့ခေါ်တဲ့ မြန်မာပြည်တွင်း တရုတ်စီးပွားရေးလမ်းကြောင်း အကျိုးစီးပွားကို ထိခိုက်မှာစိုးရိမ်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာ သူတွေက ပြောကြပါတယ်။ ဒီနေ့ဆိုရင်လည်း မန္တလေး- မူဆယ် အဓိကကျတဲ့ ပြည်ထောင်စုလမ်းမ ဖြတ်သွားတဲ့ ကွတ်ခိုင်ဘက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တရုတ်ရဲ့ BRI စီမံကိန်းမှာ ကချင်နဲ့ ရှမ်းမြောက် ဒေသကို ပြဿနာပြေလည်စေချင်တဲ့ သဘောတွေရှိနေတဲ့အတွက် တရုတ်အစိုးရက မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်တာလည်းဖြစ်နိုင်ပါတယ်။ အခုကိစ္စဟာ အများခန့်မှန်းသလို တရုတ်အစိုးရရဲ့ ဖိအားကြောင့် တိုက်ပွဲတွေ ရှိလာတာမဟုတ်နိုင်ပဲ နှစ်ဘက်စစ်ရပ်စဲရေး သဘောတူညီမှု Bilateral သွားတဲ့နေရာမှာ တိုင်းရင်းသားလက်နိုင်ကိုင်တွေက နိုင်ငံရေးပါဝါချဲ့ထွင်တဲ့သဘောမျိုးဖြစ်နိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကော်န်လက အခုလိုသုံးသပ်ပါတယ်။

“ အပြိုင်အဆိုင်အသာဆီးယူဖို့ လုပ်တဲ့အနေအထားမှာ မြောက်ပိုင်းလေးဖွဲ့က စစ်ရေးနည်းလမ်းနဲ့ သူတို့ရဲ့ ဆွေးနွေးနိုင်မှု ဘောင်ကိုချဲ့တယ်လို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ ဒီဘက်က cease fire ကို လုပ်မယ်ဆိုရင် အဲဒီအပေါ်မှာ စစ်ရေးအသာနဲ့ စကားပြောဖို့ အစီအစဉ်ရှိပုံပေါ်တယ် ဘာကြောင့်လဲဆိုတော့ သူတို့ ဆုံးဖြတ်ချက်က ကျနော်ကြည့်တော့ ရခိုင်မှာ စစ်မျက်နှာဖွင့်ထားတဲ့အချိန် တပ်အင်အား ဟိုဘက်မှာ အများစုဖြစ်တဲ့အချိန် ဒီဘက်မှာ weak point ဖြစ်တဲ့အချိန် မြန်မာပြည်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီးပေါ့နော် အဲဒါကို ထိန်းချုပ်တိုက်ခိုက်ပြီးတော့ သဘောတူညီချက်ကို မြှင့်ယူဖို့ သူတို့ရဲ့ မဟာဗျူဟာ ကစားချက်ဆိုပြီး ကျနော်ယူဆတယ်။”

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ အပစ်ရပ်ဆွေးနွေးဖို့ နေရာညှိနှိုင်းနေတာ လေးလလောက်ရှိပါပြီ။ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နယ်မြေမှာဆွေးနွေးချင်တဲ့အကြောင်း အဆိုပြုထားပါတယ်။ ကချင်လက်နက်ကိုင် KIA ကဒါကိုလက်ခံပြီး ကျန်တဲ့ ရခိုင်လက်နက်ကိုင် AA, TNLA နဲ့ MNDAA တို့သုံးဖွဲ့ကတော့ သူတို့လုံခြုံရေးအရ ဒီနေရာကိုသဘောမတူခဲ့တာပါ။

ဒီလိုတိုက်ပွဲတွေပြန်စတင်လာပေမဲ့ ငြိမ်းချမ်းရေးကလုံးဝ ဝေးသွားတယ်လို့ မယူဆကြောင်း PCG အဖွဲ့ဝင် ဦးဆန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ ညှိနှိုင်းတဲ့အထဲမှာပဲ ဒီလိုဖြစ်သွားတာပါ၊ အမှန်ကအဲဒါကို လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ သဘောမျိုးလောက်ထိတော့ မဟုတ်သေးပါဘူး။ အစိုးရသဘောကျတဲ့ နေရာက လက်နက်ကိုင်ဘက်က သဘောမကျ၊ လက်နက်ကိုင်ဘက် က သဘောကျတဲ့နေရာ အစိုးရဘက်ကသဘောမကျအဲဒီလိုဖြစ်နေတာ ပြည်တွင်းတော့ပြည်တွင်းတွေပါပဲ။ အဲဒါကြောင့်နည်းနည်းဝေးနေတော့ တဘက်မှာလည်း ကျနော်မြင်တာက ရှမ်းမြောက်ဘက်မှာလည်း စစ်ပွဲတွေ လှုပ်ရှားမှုတွေကလည်းရှိတယ် အဓိကတော့ AA ရဲ့ ကိစ္စတွေကြောင့်ပဲ ဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။”

သြဂုတ်လ ၁၅ရက် မနက်ပိုင်းမှာ မန္တလေး ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတတ္ကသိုလ်အပါအဝင် နေရာငါးခုကို TNLA ပူးပေါင်းလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG