သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်တပ်အကြား ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ မကြာသေးခင်ရက်အတွင်း တိုက်ပွဲတွေ ကြုံခဲ့ရတဲ့ သိန်းနီနဲ့ မူဆယ်ကြားမှာလည်း လမ်းပန်းအဆက်အသွယ်တွေ ပြတ်တောက်နေသလို၊ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်က ရဲစခန်းတွေကို ပြီးခဲ့တဲ့ တပတ်ထဲ တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ရာက နောက်ဆက်တွဲ တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီကနေ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"ဒီကနေ့မနက် ၆ နာရီလောက်မှာ နောင်ချိုကနေ ဆုတ်သွားတဲ့အဖွဲ့တွေ ကျောက်မဲ အနောက်မြောက်ဖက် ရောက်နေလို့ လိုက်လံပြီးတေ ာ့ ရှင်းလင်းတာရှိတယ်။ ကျောက်မဲနဲ့ အနောက်မြောက်ဘက် ၁၅ မိုင် မိုင် ၂၀ လောက်ဝေးတဲ့ အနီးတဝိုက်မှာတော့ ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဆီက လက်နက် တလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်။ သူတို့ယာယီအခြေပြုထားတဲ့ စခန်းတခု ရလိုက်ပါတယ်။ ပြီးရင် ကွတ်ခိုင်နဲ့တောင်ဘက် မန်ပိန်းလုံရွာဘက်မှာတော့ ပြည်ထောင်စုလမ်းမကြီးဘေး ပါပဲ အရှေ့ဘက်က တောင်ကုန်းမှာ နေရာယူထားတာရှိတယ်။ သွားလာတာနှောက်ယှက်တာရှိတယ်။ သတင်းရလို့ ကျွန်တော်တို့ လိုက်လံရှင်းလင်းတယ်။ ရှင်းလင်းတဲ့အခါမှာ မနက် ၉ နာရီလောက်ကစပြီး ထိတွေ့မှုဖြစ်တယ်။ ကွတ်ခိုင်ကနေ လိုက်သွားတဲ့ စစ်ကူစစ်ကြောင်းတွေရောက်တယ်။ ရောက်တော့ ညနေ ၄ နာရီလောက်အထိ တော့ တိုက်ပွဲဖြစ်ပွားတာရှိတယ်ခင်ဗျ။"

ဒါ့အပြင် ဒီကနေ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာ တိုက်ပွဲအတွင်း ကျည်ဆံထိမှန်နေလို့ ပိတ်မိနေတဲ့ တောင်သူ ၂ ဦးကို လူမှုကယ်ဆယ်ရေး အသင်းတွေက အလံဖြူထောင်ပြီး ပရဟိတ ကားတွေနဲ့ သွားရောက်ခေါ်ဆောင် ပေမယ့် လူမှုကယ်ဆယ်ရေး ကားတွေပါ အပစ်ခံရတာကြောင့် နောက်ပြန်လှည့်ခဲ့ရပါတယ်။

တိုက်ပွဲအရှိန်ပြင်းထန်လာတာကြောင့် လားရှိုး သိန်းနီ ကွတ်ခိုင် တို့မှာ စစ်ဘေးဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၁၄၀၀ နီးပါး ခိုလှုံနေကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ရှမ်းပြည်နယ် အစိုးရက စားနပ်ရိက္ခာ ထောက်ပံ့ပေးထားကြောင်း ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဘေးစီမံဦးစီးဌာန တာဝန်ခံ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရှင်းပြပါတယ်။

"ဆရာတို့ လောလောဆယ်ဒီဟာတွေကို ဆရာတို့ ခါတိုင်းဆို တပတ်စာ ဒီတခါတော့ သူတို့ကို ပုံအောပြီး ၂ ပတ်စာလောက်ရတယ်။ ဘာတွေပေးထားလည်းဆိုရင် ဆန်ရယ်ဆီရယ် ငါးသေတ္တာရယ်ပေါ့ အခြေခံစားကုန် ဆရာတို့ပေးတယ်။ ၂ ပတ်စာလောက်ပေးထားတယ် တအိမ်ထောင်စုကိုနော်။"

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအောင်းပလောင်အဖွဲ့၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ MNDAA ကိုးကန့်အဖွဲ့တွေရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်မှုတွေအတွင်း ဖျက်ဆီးခဲ့တဲ့ ဂုတ်တွင်းတံတားကိုတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂ လမ်းသွား ယာယီဘေလီတံတား ထိုးခဲ့ပြီး ဒီကနေ့မှာပဲ ယာဉ်ငယ်တွေကို စတင်ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။ ဒါပေမယ့် သိန်းနီနဲ့ မူဆယ်ကြားမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ယာဉ်တွေကို သွားလာခွင့်မပြုတဲ့အတွက် လမ်းခရီးမှာ ပိတ်မိနေသူတွေ ရှိနေကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

"လားရှိုးနဲ့သိန်းနီကြားက ကောင်းတယ်။ နည်းနည်းတော့ အဆင်ပြေတယ်။ သိန်းနီနဲ့ကွတ်ခိုင် - ကွတ်ခိုင်နဲ့ မူဆယ်ကြား သိန်းနီကနေ မူဆယ်ကြားမကောင်းဘူး။ မြို့ထဲက ကားတွေလည်း အပြင်ကို ပေးမထွက်ဘူး။ မြို့ပြင်က ကားတွေလည်း အထဲပေးမဝင်ဘူး အဲ့လိုဖြစ်နေတာ။ ဒီနေ့တမနက်လုံး တိုက်ပွဲပြင်းထန် နေတာပေါ့နော်။"

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ သိန်းနီနဲ့ကွတ်ခိုင်မူဆယ်ဘက်မှာတော့ ယာဉ်အသွားအလာတွေ မရှိလို့ ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အတွက် အခက်အခဲတွေ ကြုံနေရကြောင်းလည်း ကွတ်ခိုင်မြို့ခံနောက်တစ်ဦးဖြစ်တဲ့ မမိုင်မိုင်က ပြောပါတယ်။

"ပိတ်မိတဲ့လူတွေက ကိုယ့်မြို့ကိုယ့်ရွာက ရှိတဲ့ဥစ္စာကိုပဲ စားနေရတယ်။ သိန်းနီမှာကြတော့ ဘာပဲပြောပြော ဆန်ထွက်တဲ့နေရာရှိတယ်။ စပါးထွက်တဲ့နေရာရှိတယ်။ အဲ့ဒါကြောင့် အဆင်ပြေတယ်။ ကွတ်ခိုင်လိုနေရာက တောင်ပေါ်ဒေသဖြစ်တယ်။ သူကစိုက်ပျိုးရေးလည်း ဖြစ်ထွန်းတဲ့နေရာမဟုတ်ဘူး။ အဲ့ဒါကြောင့်မို့ ဒီမှာရောင်းတဲ့ ဆန်ဆိုင် ၂ ဆိုင် ၃ ဆိုင်ကပဲ ယူစားနေရတယ်။ အဲ့ဒါပြတ်ရင်တော့ မပြောတတ်ဘူးပေါ့။ အဲ့လိုအခြေ အနေတော့ ရှိနေတယ်။ တမြို့လုံးလိုလိုက ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေတော့ရှိတယ်။"

တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ပူးပေါင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကတော့ မနေ့တုန်းကပဲ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ အရပ်သားတွေ အပါအဝင် လူထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ တိုက်ပွဲတွေကြောင့် မြောက်ပိုင်းဒေသ တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်းလည်း သတိပေးခဲ့တာပါ။ မြန်မာအစိုးရကတော့ တိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG