သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့တိုက်ခိုက်မှု တရုတ်အစိုးရ ပြင်းထန်စွာ ကန့်ကွက်


တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang 
တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang 

အနည်းဆုံး လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ရပြီး တချို့ ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွင်း လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်တပ် ၊ TNLA တအာန်းပလောင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်တို့က မြန်မာ့ တပ်မတော ်ထိန်းချုပ်ရာ နေရာများကို ဝင်ရောက်တိုက်ခိုက်မှုမှာ သေကြေ ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို မေးမြန်းတာမှာတော့လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေကြေရပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang က တနလာၤနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တရုတ် - မြန်မာ နယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေးကို တရုတ်ဘက်က အလေးထားပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အခိုင်အမာ ထောက်ခံကြောင်း၊ ဒေသတွင်းမှာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမှာ ဖြစ်ပြီး တရုတ်ဘက်ကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုသွားတာပါ။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ TNLA တအာန်း ပလောင် လက်နက်ကိုင်တပ်၊ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်တို့ ပူးပေါင်းထားတဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်၊ အေးရှားဝါးလ် တိုးဂိတ်နဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊ နောင်ချိုတိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ နောင်ချိုနယ်မြေခံ တပ်ရင်းဌာနချုပ် စတဲ့နေရာတွေကို တချိန်တည်း တပြိုင်တည်းလို တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေ အတွင်း စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပြီး နောက်နေ့မှာဘဲ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း တိုက်ခိုက်မှုတွေ အတွင်း သေကြေရမှုတွေ အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိဖို့၊ အမြင် မတူမှုတွေကို ဆွေးနွေးညှိနှိုင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ တိုက်ပွဲတွေ ဆက်ရှိနေပြီး သေဆုံး ဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော တပ်မတော်ဘက်ကရော ထပ်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG