သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်မှု ဘာအကျိုးဆက်တွေ ဆက်ဖြစ်မလဲ


နောင်ချိုမြို့နားက ဂုတ်တွင်းတံတားတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးယူနေတဲ့ မြန်မာတပ်မတော်သားများ
နောင်ချိုမြို့နားက ဂုတ်တွင်းတံတားတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးယူနေတဲ့ မြန်မာတပ်မတော်သားများ

အခုရက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိုးနှက်လိုက်တဲ့ ပြသနာ တစ်ခုကတော့ မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်က ပြင်ဦးလွင်နဲ့ နောင်ချို က နေရာ(၅) ခုကို မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ကိစ္စပါပဲ။ ပိုပြီး ထူးခြားတာ တစ်ခုကတော့ လုံခြုံရေး အကောင်းဆုံးလို့ ဆိုတဲ့ ပြင်ဦးလွင် တပ်မြို့မှာ တည်ထားတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ရှော့ခ်တိုက် ဒုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းပါပဲ။ သြဂုတ်လ ၁၅ ရက်နေ့ မနက်လင်းအားကြီး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ တပ်မတော်ဘက်က အရာရှိ စစ်သည် ၉ ယောက်ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက်လည်း ကျဆုံးတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တွေ တိုက်ပွဲ ဆက်ပြီး ဖြစ်ပွားနေချိန်၊ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ကလည်း တပ်မတော် အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် ရခိုင်ပြည်နယ်ဘက်မှာ ထိုးစစ်တွေ ရပ်ပေးဖို့၊ မရပ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုပြီး သတိပေးချက် ထုတ်ပြန်ပြီးချိန်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုပါ။ ဒီတိုက်ပွဲတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေက ဘယ်လို မက်ဆေ့ချ်တွေ ပေးချင်တာလဲ၊ တပ်မတော်နဲ့ အစိုးရဘက်ကရော ဘယ်လို တုန့်ပြန်လာနိုင်သလဲ၊ အဲဒါတွေဟာ ငြိမ်းချမ်းရေး အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖြစ်စဉ်အကျဉ်းကို ပြန်ရှင်းပြရရင် အဲဒီနေ့က ပြင်ဦးလွင်နဲ့ နောင်ချိုက နေရာ (၅) ခုကို ရခိုင် AA, တအဲာန်းပလောင် နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ တပ်မြို့လို့ ခေါ်တဲ့ ပြင်ဦးလွင်က တပ်မတော် နည်းပညာ တက္ကသိုလ် ၁၀၇ မမ၊ ရှော့ခ်တိုက် ဒုံးသီးတွေနဲ့ ပစ်ခတ်ခံရပြီး လူတစ်ယောက်သေ၊ တစ်ယောက် ဒါဏ်ရာရ၊ အဆောက်အဦနဲ့ မော်တော်ကား တစ်ချို့ ပျက်စီးပါတယ်။ နောက်တစ်နေရာကတော့ ပြင်ဦးလွင် အဝင်က အေးရှားဝေါလ် တိုးဂိတ်နဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ပါ။ ကားပေါ်ကနေ အာရ်ပီဂျီ ပုခုံးထမ်း ဒုံးကျည်နဲ့ ပစ်ခတ်တာ ခံခဲ့ရပြီး လူအသေအပျောက်တော့ မရှိပါဘူး။ နောက်တစ်နေရာကတော့ နောင်ချိုနဲ့ ကျောက်မဲကြား၊ ဂုတ်တွင်း တံတားကို စောင့်တဲ့ ရဲကင်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် (၃) ယောက်၊ စစ်ကူသွားတဲ့ တပ်မတော်သား (၇) ယောက် ကျဆုံးပါတယ်။ တံတားလည်း ဖေါက်ခွဲဖျက်ဆီး ခံရပါတယ်။ အလားတူ နောင်ချိုစစ်ဆေးရေး ဂိတ်လည်း တိုက်ခိုက်ခံရပြီး တပ်မတော်သား (၂) ယောက်နဲ့ အရပ်သား တစ်ယောက် သေဆုံးပါတယ်။ နောင်ချိုက တပ်ရင်းဌာနချုပ် စခန်းကတော့ အဝေးကနေ ပစ်ခတ်ခံရပေမယ့် အထိအခိုက် အကျအဆုံး မရှိပါဘူး။

ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ တပ်မတာ်ရဲ့ လုံခြုံရေး အကောင်းဆုံး နယ်မြေထဲထိ ရောက်အောင် ဝင်ရောက်တိုက်ခိုက်နိုင်တယ် ဆိုတာ ပြသခဲ့သလို၊ နိုင်ငံရဲ့ အရေးအကြီးဆုံး မန္တလေး- မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းကြီးကိုလည်း အချိန်မရွေး ဖြတ်တောက်နိုင်တယ် ဆိုတာကို ပြသခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ အခုရက်ပိုင်းအတွင်း သူတို့အနေနဲ့ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ ဘိန်းချက်စခန်းတွေ၊ မူးယစ်ဆေးဝါးတွေ အမြောက်အများ ဖမ်းမိခဲ့တယ်၊ အဲဒီ ဖြစ်စဉ်ကြောင့် မြောက်ပိုင်း လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ် ဆိုပြီး စွတ်စွဲခဲ့ပါတယ်။ ထုံးစံအတိုင်း စွတ်စွဲချက်ကို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ပယ်ချခဲ့ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်း တပ်မတော်ဘက်က ရှမ်းမြောက် အပါအဝင် စစ်တိုင်းကြီး (၅) တိုင်းမှာ အပစ်အခတ် ရပ်စဲထားမယ်လို့ ကြေငြာခဲ့ချိန်ကစ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း အပြန်အလှန် သဘောထား ကြေငြာချက်တွေ ထုတ်ခဲ့ကြပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ အများစုက စစ်တိုင်းကြီး (၅) တိုင်းမှာ အပစ်ရပ် ကြေငြာပေမယ့် ရခိုင်ပြည်နယ် မပါတာကိုတော့ ဘဝင် မကျခဲ့ကြပါဘူး။ အလားတူ AA နဲ့ မဟာမိတ်လုပ်ထားတဲ့ မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ် အဖွဲ့ကလည်း စစ်တိုင်း(၅) တိုင်းအပြင် ရခိုင်ပြည်နယ်မှာပါ ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုမှု ရှိခဲ့တာပါ။

ကြားထဲမှာ အစိုးရနဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ NCA လမ်းကြောင်းပေါ် ရောက်လာအောင်၊ ဆွေးနွေးမှုတွေ လုပ်နိုင်အောင် တပ်မတော်ဘက်က အပစ်ရပ် သက်တမ်း တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ မရပ်စဲခဲ့သလို၊ ဆွေးနွေးမှုလည်း တိုးတက်မှု တစ်စုံတရာ မရခဲ့ပါဘူး။ အခုနောက်ဆုံး တိုက်ခိုက်မှု ဖြစ်စဉ်အပြီး နောက်ပိုင်းမှာတော့ တပ်မတော်ဘက်က အပစ်ရပ် သက်တမ်းတိုးဖို့ ဖြစ်နိုင်ချေ အတော် နည်းသွားပါပြီ။

ဖြစ်စဉ်ကိုကြည့်ရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို တာဝန် အပြည့်အ၀ ယူထားတဲ့ တပ်မတော်အတွက် တာဝန်ကျေပါရဲ့လား ဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ လာတိုက်ခိုက်တဲ့ လက်နက်ကိုင်တွေကိုပဲ အပြစ်တင်နေလို့ မပြီးပါဘူး။ ရှေ့ပိုင်းမှာလည်း တရုတ်နယ်စပ်က လက်နက်အမြောက်အများ ရန်ကုန်ကိုသယ်၊ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ဘက် ပြန်သယ်ပြီး အခုနောက်ဆုံး ရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့က တပ်မတော်ကို တိုက်ပွဲဆင်ပြသခဲ့ပြီးပါပြီ။ ဒီလို လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေ အရှေ့ဘက် နယ်စပ်ကနေ အနောက်ဘက် နယ်စပ်ရောက်အောင် သယ်ယူနေနိုင်တာဟာ ဘယ်လို လုံခြုံရေး အားနည်းချက်တွေကြောင့်လဲ ဆိုတာ ပြန်စဉ်းစား သုံးသပ်ဖို့ လိုပါတယ်။ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေထက် တိုင်းပြည် လုံခြုံရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စီးပွားရေးလမ်းကြောင်း ကာကွယ်ရေး အတွက် ပိုပြီး အားစိုက်သင့်ပါတယ်။ ဒါ့အပြင် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခကို အကြမ်းဖက် သောင်းကျန်းမှုအဖြစ် သတ်မှတ်မလား၊ နိုင်ငံရေးပြသနာလား ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုပါတယ်။ အကြမ်းဖက် သောင်းကျန်းမှု ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးဖို့၊ ပြေလည်အောင် လုပ်ဖို့ လုံး၀ မလို၊ အပြုတ်တိုက်ဖို့ပဲ ရှိပါတယ်။ တကယ်လို့ နိုင်ငံရေးပြသနာလို့ သုံးသပ်ရင်တော့ ရောက်တဲ့နေရာကနေ အပစ်ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

အလားတူ အစိုးရဘက်ကလည်း ဒီဖြစ်စဉ်အပေါ် သတိကြီးကြီးထား ကိုင်တွယ်ဖို့ လိုပါတယ်။ ဒါတွေဟာ သောင်းကျန်းမှုလား၊ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုလား မှန်မှန်ကန်ကန် ရပ်တည်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမယ်၊ ငြိမ်းချမ်းရေး အရယူမယ်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် ဆိုရင် တပ်မတော်ကိုရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေကိုပါ ဆွေးနွေးပွဲ စားပွဲဝိုင်းရောက်အောင် ဦးဆောင် ခေါ်ယူနိုင်စွမ်း ရှိရပါလိမ့်မယ်။ ဘက် တစ်ဖက်ဖက်ကနေ ရပ်တည်ပေးလိုက်ပြီ ဆိုတာနဲ့ ငြိမ်းချမ်းရေး ဝေးကွာသွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း စစ်ရေးပစ်မှတ်လား၊ စစ်ရေးဖိအားပေးမှုလား၊ တိုင်းပြည်ရဲ့ ကုန်စည်ကူးသန်းမှု ပျက်စီးစေပြီး ပြည်သူလူထု လူများစု ထိခိုက်ပျက်စီးမှု ရှိစေမယ့် တိုက်ခိုက်မှုမျိုးလား ဆိုတာ ရွေးချယ် တတ်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူထု အကျိုးစီးပွားကို ထည့်မတွက်ရင် တိုင်းပြည် စီးပွားရေးနဲ့ ပြည်သူ့အစိုးရ အကြပ်အတည်းတွေ့နိုင်ပြီး ငြိမ်းချမ်းရေး ဝေးကွာသထက် ဝေးကွာ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလည်း အကောင်အထည် ပေါ်လာမှာ မဟုတ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG