သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဒဏ်သင့်လူထု အကူအညီပေးရေး နော်ဝေး၀န်ကြီး လေ့လာ


နော်ဝေးနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းသင့် ဒေသအချို့ကို သွားရောက်ကြည့်ခဲ့သလို ၃ ရက်ကြာခရီး ပြန်ခါနီး နာရီပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နော်ဝေးနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အီးရစ်ခ် ဆိုလ်ဟိမ်း (Erik Solheim) ဟာ လူသားချင်း စာနာကူညီမှု ကိစ္စတွေနဲ့ ပတ်သက်လို့ အဓိကထားပြီး မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတာလို့ သိရပါတယ်။ ပထမဆုံးနေ့ ခရီးစဉ် တနင်္လာနေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်နဲ့ အတူ လွန်ခဲ့တဲ့ ၂ နှစ်က နာဂစ်ဆိုင်ကလုံး အဆိုးဆုံး ထိခိုက်ခဲ့တဲ့ ကွမ်းခြံကုန်းနဲ့ ကျိုက်လတ်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို သွားရောက်ကြည့်ရှုပါတယ်။ ဒီခရီးစဉ်ဟာ နော်ဝေးနိုင်ငံ အနေနဲ့ နောက်ထပ် မြန်မာနိုင်ငံကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာ လာရောက်လေ့လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“သူ့ခရီးစဉ်အတွင်း ကုလသမဂ္ဂနဲ့ အစီအစဉ်က တနင်္လာနေ့ တရက်တည်းပါ။ ဒီအစီအစဉ် ရည်ရွယ်ချက်ကတော့ ဘာတွေ လိုအပ်ချက် ရှိနေသလဲဆိုတာ ကြည့်ဖို့၊ မြန်မာနိုင်ငံအပေါ် ဒီအကူအညီတွေ တိုးမြှင့်ပေးသင့်၊ မသင့် သူတို့ အကဲဖြတ် ကြည့်ရှုဖို့ ဖြစ်ပါတယ်။”

နော်ဝေး နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ကျေးရွာသားတွေကိုလည်း သူတို့ဘ၀ ပြန်လည် ထူထောင်လာနိုင်ရေးအတွက် နော်ဝေးနိုင်ငံ အနေနဲ့ အကောင်းဆုံး ကူညီပေးသွားမယ်လို့ တိုက်ရိုက် ပြောဆိုခဲ့တယ်လို့လည်း ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။ နော်ဝေးနိုင်ငံဟာ နာဂစ်ဆိုင်ကလုံး ဖြစ်ပြီးနောက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ အတော်များများ ပေးခဲ့တဲ့နိုင်ငံ ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ အဲဒီ ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။

“ဆိုင်ကလုံး ဖြစ်ပြီးပြီးချင်း မေလ ၉ ရက်နေ့မှာ စတင်တဲ့ ဆိုင်ကလုံး ကယ်ဆယ်ရေး ကနဦး မတည် စုစည်းမှုအရ နော်ဝေးနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၉.၈ သန်း အကူအညီ ပေးခဲ့ပါတယ်။ ပြီးတော့ ပြန်လည်ထူထောင်ရေး ကနဦးအဆင့် အတွက်လည်း အမေရိကန်ဒေါ်လာ နောက်ထပ် ၁၁ သန်း ကူညီထောက်ပံ့ခဲ့ပါတယ်။ ကပ်ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေး အစီအစဉ်တွေ၊ လယ်သမားတွေကို ထောက်ပံ့တဲ့ အကူအညီတွေ၊ မျိုးပွားမှု ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေ၊ လူထုကျန်းမာရေး အစီအစဉ်တွေ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ဒီလို အစီအစဉ် အတော်များများကိုလည်း ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။”

နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီးဟာ ဒီနေ့ ညနေပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ၅ ဦးနဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၉ ဦးအပြင် နိုင်ငံခြားက သတင်းစာဆရာ ၆ ဦးလည်း ပါလာတယ်လို့ သိရပါတယ်။ အဓိက အချက်ကတော့ အဖွဲ့ချုပ်ရဲ့ သဘောထား ရပ်တည်ချက်တွေကို လာရောက်မေးမြန်းတာလို့ အဲဒီ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။

“ရှေ့လျှောက်ပြီး NLD ဘာတွေလုပ်မလဲ၊ NLD ဟာ ရှေ့လျှောက် ဘာတွေဖြစ်နိုင်မယ် ထင်သလဲ၊ နောက်တခုက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိသလား၊ နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားသော အဖွဲ့အစည်းများမှာ ခေါင်းဆောင်မှုတို့ ဘာတို့ ဝင်ပြီးတော့ ပေးနိုင်တဲ့ အနေအထား ရှိသလား၊ ဒါ အဓိကပဲဗျ။ အဲဒီအချက် ၄ ချက်လောက်ကို အဓိကထားပြီး မေးပါတယ်။

“ကျနော်တို့ကလည်း ပြန်ပြီးတော့ ရှင်းပြပါတယ်။ NLD ဟာ ဒီနေ့အထိ ရှင်သန်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ကျနော်တို့ကိုယ် ကျနော်တို့လည်း မှတ်ပုံတင်ပြီးသား အဖွဲ့အစည်း ဖြစ်တယ်လို့ ယူဆတယ်။ ရွေးကောက်ပွဲ မဝင်တာမှအပ ခါတိုင်းလုပ်မြဲ နိုင်ငံရေးလုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ၊ လူမှုရေး လုပ်ငန်းတွေ ဒါတွေအကုန်လုံးကို ကျနော်တို့ ဆက်လုပ်သွားမယ်ဆိုတာ ရှင်းပြပါတယ်။”

သူက တခြား နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ရော တွေ့ဆုံဖြစ်လား။

“တွေ့ပုံပေါ်တယ်ဗျ၊ တွေ့ခဲ့တယ်လို့ ပြောတယ်။ သို့သော် ကျနော်တို့ကတော့ သိပ်ပြီး မမေးတော့ဘူး။ ဘယ်အဖွဲ့အစည်းနဲ့ ပြောတယ်ဆိုတယ် ဆိုတာတွေ။ သူက လေဆိပ်ကိုဆင်းခါနီး ကျနော်တို့နဲ့ တွေ့တာဆိုတော့ အချိန်ကလည်း သိပ်မရလိုက်ပါဘူး။”

သူက နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ဆိုတော့ အခု နာဂစ်ကိစ္စတွေလည်း သူ သွားကြည့်ပါတယ်၊ တနင်္လာနေ့တုန်းက။ အဲတော့ အန်ကယ်တို့လုပ်မယ့် လူမှုရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော သူ မေးတာမြန်းတာ ရှိလားခင်ဗျ။

“မရှိဘူးဗျ၊ မပြောဖြစ်ဘူး။”

နိုင်ငံရေး မေးခွန်းတွေပဲ အဓိကပြောဖြစ်တာပေါ့။

“ဟုတ်ကဲ့၊ နိုင်ငံရေး အခြေအနေတွေ မေးတာမြန်းတာနဲ့ပဲ ပြီးသွားတယ်။”

အခု နော်ဝေးနိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ခရီးစဉ်ဟာ နာဂစ်ဖြစ်ပြီးနောက် ဒုတိယအကြိမ်မြောက် လာရောက်တာ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့လည်း သီးခြား တွေ့ဆုံမှု ရှိတယ်လို့ သိရပေမဲ့ ဘယ်အဆင့်နဲ့ ပြောဆိုဆွေးနွေးခဲ့သလဲ ဆိုတာတော့ မသိရသေးပါဘူး။ အခု ဒီကနေ့ ညပိုင်းမှာတော့ ဘန်ကောက်ကတဆင့် ဥရောပကို ပြန်ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG