သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်သေမခိုင်လို့ စီမံဘဏ္ဍာဝန်ကြီးဟောင်းကို အရေးမယူနိုင်


အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး စစ်ဆေးခံခဲ့ရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကို တိုင်တန်းချက်တွေဟာ အရေးယူနိုင်လောက်တဲ့အထိ ခိုင်လုံမှုမရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်က ဒီကနေ့ ပြောပါတယ်။ ကော်မရှင်ဆီရောက်လာတဲ့ တိုင်တဲ့စာအများစုက ဒီဥပဒေနဲ့အရေးမယူနိုင်တဲ့ အမှုတွေမျိုးတွေက များနေတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ကော်မရှင်အနေနဲ့ အရေးယူနိုင်ခြင်းမရှိတဲ့အပေါ်မှာ သုံးသပ်သူတွေဘက်က ဝေဖန်ထောက်ပြမှုတွေရှိနေပ ါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးကျော်ဝင်းကို တိုင်ကြားချက်ဟာ အားပျော့တဲ့ တိုင်တန်းချက်ဖြစ် နေတာ ကြောင့် အရေးယူနိုင်ခြင်းမရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုလိုက်တာပါ။

“ကျနော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်း မဟုတ်ပါဘူး။ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျနော်တို့ ဥပဒေနဲ့ ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က အရေးယူဆောင်ရွက်ခွင့် မရှိတဲ့သဘောပါ။”

သူ့ကိုတိုင်ကြားတဲ့ အချက်စုစုပေါင်း ၈ ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မသက်ဆိုင်တဲ့ လူမှုရေးကိစ္စ ၃ ချက်နဲ့ မမှန်ကန်တဲ့ တိုင်ကြားချက် ၂ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရပြီးတဲ့နောက် ရာထူးကနေနုတ်ထွက်သွားတဲ့ဦးကျော်ဝင်းအနေနဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ အပြစ်ရှိမရှိဆိုတာနဲ့ပတ်သက်လို့ သတင်းထောက်တွေဘက်က မေးမြန်းရာမှာတော့ ကော်မရှင်ဘက်က တိကျစွာဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ကျန် ၃ ချက်ကတော့ ပုဂ္ဂလိကဘဏ်တခုရဲ့ မတည်ရင်းနှီးငွေဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတာနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမ/ံဘဏ္ဍာ ဝန်ကြီးဌာနအောက် ထည့်သွင်းဖွဲ့စည်းခွင့်ပေးခဲ့ တာနဲ့ပတ်သက်လို့ စစ်ဆေးခဲ့တာဖြစ်ပြီး ဒါတွေက ဦးကျော်ဝင်း တာဝန်မယူခင် အရင်အစိုးရလက်ထက်က ကိစ္စတွေ ဖြစ်နေတာမို့ အရေးယူနိုင်ခြင်းမရှိဘူးလို့ ကော်မရှင်က ဆိုပါတယ်။ ဝန်ကြီးဌာနပေါင်းစုံ လျှပ်တပြက် ဂေါက်ရိုက်ပြိုင်ပွဲကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနက အမည်ခံပြီး လုပ်ငန်းရှင်တယောက်က ဆောင်ရွက်ပေးခဲ့ တယ်ဆိုတဲ့ အချက်မှာတော့ အခွင့်အရေးတစုံတရာပေးခဲ့တယ်၊ ရယူခဲ့တယ်ဆိုတဲ့သက်သေ မပေါ်ပေါက်ခဲ့တာမို့ အရေးယူနိုင်ခြင်းမရှိခဲ့ဘူးလို့ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ပြောပါတယ်။

ဦးကျော်ဝင်းကို ၈ ရက်ကြာစစ်ဆေးခဲ့တာမှာ သူနဲ့အတူ အဆင့်မြင့်အရာရှိကြီးတွေ၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်ကြီးတွေအပါအဝင် စုစုပေါင်းအယောက် ၂၀ ကျော်ကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

NLD အစိုးရက ပါတီဝင် ဝန်ကြီးတွေအနက် တဦးကို ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးတာဖြစ်တာမို့ ပြည်သူ တွေက စိတ်ဝင်စားလျက်ရှိပြီး အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသော ဝန်ကြီးကိုရာထူးမှ နုတ်ထွက်ခွင့်ပြုတာ လောက်နဲ့ ပြီးစီးသွားတာမျိုး မဖြစ်စေချင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြနေကြပါတယ်။

ကော်မရှင်ဆီရောက်လာတဲ့ တိုင်စာအများစုက ဒီဥပဒေနဲ့အရေးမယူနိုင်တဲ့အမှုတွေ အများစုဖြစ်နေတယ် လို့လည်း ကော်မရှင်ကဆိုပါတယ်။ အရေးမယူနိုင်တဲ့ တိုင်ကြားစာတွေဟာ စုစုပေါင်း တိုင်ကြားစာတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိနေတယ်လို့ ဆိုပါတယ်။ ဒီဥပဒေတွေနဲ့ အရေးမယူနိုင်တဲ့ အမှုတွေနဲ့ပတ်သတ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးစိုးတင့်က အခုလိုပြောပြပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ မပြဌန်းမီက အတည်မဖြစ်မီက ဖြစ်ပွားတဲ့ကိစ္စတွေက ဒါတွေကလည်း ကျနော်တို့ အရေးယူလို့ မရပါဘူး။ ဆောင်ရွက်ပေးလို့ မရပါဘူး။ ကျနော်တို့ဥပဒေနဲ့အကျုံးမဝင်တဲ့ စီမံခန့်ခွဲရေး ကိစ္စတွေ၊ အုပ်ချုပ်ရေးပိုင်းကိစ္စတွေ၊ သိမ်းဆည်းမြေ ပြန်လည်ရရှိရေးကိစ္စတွေ၊ သိမ်းဆည်းခံရတဲ့မြေတွေ အတွက် မြေယာလျော်ကြေးရရှိဖို့ကိစ္စတွေ၊ တရားရုံးများမှာ အမှု ရင်ဆိုင်စစ်ဆေးနေတဲ့ အမှုကိစ္စတွေ၊ ဒီလို ကိစ္စတွေဟာလည်း ကျနော်တို့သည် ကျနော်တို့ဥပဒေနဲ့ အကျုံးမဝင်တဲ့အတွက် အရေးယူ ဆောင်ရွက်ပေးလို့ မရပါဘူး။ နောက်တခါ တိုင်ကြားသူတို့ရဲ့အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်နဲ့ နေရပ်လိပ်စာမပါရှိတဲ့ ပစ်စာသဘောမျိုး တိုင်စာတွေလည်း ကျနော်တို့ ဆောင်ရွက်ပေးလေ့မရှိပါဘူး။”

ကော်မရှင်ရဲ့ လုပ်ကိုင်ခွင့်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့ ကော်မရှင်ဟာ ပြည်သူတွေအားကိုးနိုင်တဲ့ ကော်မရှင်တခု မဟုတ်သေးဘူးလို့ အခုလိုဝေဖန်ပါတယ်။

“ပြစ်မှုမြောက်အောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ဖော်ထုတ်ရမှာဖြစ်တယ်လို့ ကျနော်ထင်တယ်။ အဲလိုဆိုရင်တော့ ….ဒီဥပဒေမရှိခင်ကဆိုတဲ့ ကောက်ချက်က၊ ယူဆချက်က မှန်ပါ့မလားပေါ့။ ဒါကတချက်၊ နောာက်တခါ …. ဒါပေမယ့် ဒီ အဂတိလိုက်စားမှုကော်မရှင်ကို တိုင်တဲ့စာကလည်း အရေးယူလို့မရဘူး၊ အားပျော့တယ်ဆိုတာ- ဝန်ကြီးက ဘာကြောင့် နုတ်ထွက်သွားရမှာလဲ။ အဲဒါကလည်း အများပြည်သူကမေးမယ့် မေးခွန်းတခုပဲ။ ထင်သလောက် အများမျှော်လင့်သလောက် မဟုတ်သေးဘူးလို့ ပြောရတော့မယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ကပြင်ဆင်ဖွဲ့လိုက်တဲ့ ဒီကော်မရှင်သက်တမ်း ၆ လကျော်သာရှိသေးပြီး ဒီ ၆ လအတွင်းမှာ တိုင်စာပေါင်း ၄,၀၀၀ နီးပါး ရှိခဲ့တယ်လို့ကော်မရှင်ကဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG