မြန်မာနိုင်ငံမှာ လူမျိုး-ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ မတူကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှု မပြုသင့်သလို အမျိုးသမီး အခွင့်အရေးတွေကို ဥပဒေတွေနဲ့ တရားဝင် ဖိနှိပ် ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုလိုက် ပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှု ပဋိပက္ခတွေ မဖြစ်ပွားရအောင် ဘာသာမတူ၊ လူမျိုးကွဲနေတဲ့ နိုင်ငံသား အချင်းချင်း လေးစားမှုနဲ့ နားလည်ပေးပြီး ဆက်ဆံသင့်တယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လူ့အခွင့်အရေးရှု့ထောင့်ကနေ လှုပ်ရှားသူတွေရဲ့ သုံးသပ်တင်ပြချက် အပြည့်အစုံ မဆုမွန် ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်း လူမျိုးရေး-ဘာသာရေးဆန်တဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေ ဒီနှစ်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းက လှုပ်ရှားသူတွေဘက်က မြန်မာနိုင်ငံတွင်း လူမျိုး-ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး လမ်းစတွေ အဖြေရှာနေကြတာဖြစ်ပါတယ်။
ဒီလိုအကြမ်းဖက်မှု မဖြစ်ပွားရဖို့က အုပ်ချုပ်သူတွေကိုယ်တိုင်က အမျိုးသမီးတွေအခွင့်အရေးတွေကို တရားဝင်ဥပဒေပြဋ္ဌာန်းပြီး ဖိနှိပ်မှု မလုပ်သင့်ဘူး အမျိုးသမီးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းသင့်တယ်ဆိုတာကို Triangle Women အဖွဲ့က မခင်လေးက ထောက်ပြပါတယ်။
“ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုရင် အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ မရှိသင့်ဘူးပေါ့နော်- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာဆိုပြီး အရင်တုန်းက ငါးမျိုးရှိခဲ့တယ်။ ဒါပေမယ့် အခု ခေတ်သစ်တခု ထပ်တိုးရမလိုဖြစ်တယ်ပေါ့၊ ဥပဒေ တွေနဲ့ပါ အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ သို့မဟုတ်ရင် ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာမျိုး ဖြစ်လာမယ့်အနေအထားမျိုး ဖြစ်နေတာမျိုးတွေလည်း မဖြစ်သင့်ဘူးပေါ့နော်၊ အမျိုးသမီးတွေကို နိုင်ငံရေးအရ အသုံးမချပါနဲ့၊ တခုခုဆို အမျိုးသမီးတွေကြောင့်ဖြစ်တယ်ဆိုပြီး အမျိုးသမီးတွေကိုပဲ တားဆီး ပိတ်ပင်တဲ့၊ ရှေးကတည်းက လုပ်လာတဲ့ အစွဲတွေကိုလည်း ဖျောက်ပါ။ အဲလိုမျိုးလုပ်ချင်တဲ့ အမူအကျင့်တွေကိုလည်း ဖျောက်ဖို့ လိုပါတယ်။ အမျိုးသမီးတွေကို တကယ်လေးစားပြီးတော့ ခွဲခြားဆက်ဆံမှုမရှိတဲ့၊ မေတ္တာတရားရှိတဲ့နိုင်ငံဖြစ်ရင်တော့ ဘယ်သူ့ဘယ်သူမှ မခွဲခြားဘဲနဲ့ ညီညီမျှမျှနဲ့ မေတ္တာတရားနဲ့၊ ကိုယ်ချင်းစာစိတ်နဲ့၊ တာဝန်ရှိတဲ့သူတွေကလည်း ဥပဒေကို တကယ် ပီပီပြင်ပြင်လိုက်နာပြီးတော့ အကြမ်းဖက်မှုကို ကာကွယ်နိုင်မယ့် ဥပဒေမျိုးတွေလည်း ပေါ်ထွက်လာအောင် ကြိုးစားပေးပါလို့ပဲ ပြောချင်ပါတယ်။”
ဘာသာ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးက မတူကွဲပြားမှုကို ခွဲခြားမှု မပြုပဲ အပြန်အလှန် လေးစားမှုနဲ့ အသိအမှတ်ပြုဖို့ အရေးတကြီးလိုအပ်တယ်လို့ Equality Myanmar က ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။
“တယောက်နဲ့တယောက် အတူယှဉ်တွဲနေထိုင်ဖို့က ပထမဆုံး အရေးကြီးဆုံးကတော့ မတူကွဲပြားမှုကို အသိအမှတ်ပြုခြင်းက အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူတွေမှာ တယောက်နဲ့တယောက် ဘာသာမတူတာ ရှိနိုင်တယ်။ လူမျိုး၊ ယုံကြည်မှု၊ အသားအရောင်မတူတာ ရှိနိုင်တယ်၊ အဲဒါတွေအားလုံးကို တူညီဖို့အတွက်က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ကျနော်တို့ အကောင်းဆုံးကတော့ မတူကွဲပြားမှုကို အသိအမှတ်ပြုပြီးတော့ မတူကွဲပြားတဲ့ကြားထဲကမှ တယောက်ကိုတယောက် လေးစားမှုနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတဲ့စိတ်ဓာတ်က အရေးကြီးဆုံးပါ။ လူသားတိုင်းဟာ လူ့ရဲ့ဂုဏ်သိက္ခာအတိုင်း နေချင်သလို သူတို့မှာ ခွဲခြားခံရမှုကို မကြိုက်တဲ့ လူ့အခွင့်အရေးကို ခံစားမှုလည်းရှိတဲ့အတွက် အဲဒီအချက်က ပထမဦးဆုံး အရေးအကြီးဆုံးပါ။ နောက်တခုကတော့ မတူလို့ရှိရင် ငါနဲ့တူအောင် လုပ်ဆောင်မယ်၊ အဲဒီလူတွေကို ငါကနေ အနိုင်ယူချင်တဲ့စိတ်တွေ၊ ဒါတွေကို ကျနော်တို့ ရှောင်ရှားဖို့ လိုအပ်ပါမယ်။ မတူညီမှုက ကွဲပြားမှုသာဖြစ်တယ်။ မတူညီမှုက ခွဲခြားစရာမလိုဘူးဆိုတဲ့အရာမျိုး ဖြစ်ဖို့အတွက်ရယ်၊ ကိုယ့်ရဲ့ဆန္ဒအတိုင်း ကိုယ့်ဘက်ကကိုယ်ပဲ အင်အားကြီးအောင်လုပ်ဆောင်ပုံကိုလည်း မတူညီတဲ့ကြားထဲက ယှဉ်တွဲနေထိုင်မယ့် စိတ်ဓာတ်တွေက အရေးအကြီးဆုံးပါ။”
မြန်မာနိုင်ငံတွင်း ပြည်သူလူထုအကြား မတူညီမှုတွေအပေါ် အခြေခံပြီး အမုန်းမပွားရအောင် စကားပြောဆွေးနွေးမှုတွေ၊ အမြင်ချင်းဖလှယ် သုံးသပ်တင်ပြမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံသားတွေကြား ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့လည်း မခင်လေးက အကြံပြုပါတယ်။
“ဘာသာ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မတူတဲ့အမြင်တွေကို ကျမတို့က တဖြည်းဖြည်းနဲ့ သိသာလာတဲ့အခါမှာ သူ့ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင်တွေနဲ့ ပြန်ပြီးဆွေးနွေးလို့ရတဲ့ဟာမျိုးကတော့ များများပေါ်လာလေ၊ ပိုကောင်းလေပါပဲ။ ကျမတို့ပြဿနာက တယောက်နဲ့တယောက် မတူဘူးဆိုရင် ရန်သူလို့ သတ်မှတ်လိုက်တာရယ်၊ ကျမတို့နိုင်ငံမှာ အယူအဆ သဘောထားမတူတာထဲကမှ တူတာလေးတွေ တွဲပြီး ဘယ်လိုလုပ်မလဲ၊ မတူတဲ့ထဲကမှ အကောင်းဆုံးလေးကို ရှာပြီးတော့ ဘယ်လို ပူးပေါင်းလုပ်မလဲဆိုတဲ့ အလှတရားကို ကျမတို့တိုင်းပြည်ကလူတွေက မရှာတတ်ဘူးဖြစ်နေတဲ့အတွက် အဲဒီပြဿနာတွေကို ကျမတို့ အခုချိန်အထိ ခံစားနေရတာဖြစ်တဲ့အတွက် ကျမတို့တွေ့ဆုံမယ်၊ စကားပြောမယ်၊ တယောက်နဲ့တယောက် ညှိနှိုင်းမယ်ဆိုရင်တော့ ဒီပြဿနာကြီး တော်တော်များများ ပြေလည်နိုင်မယ်လို့တော့ ကျမယုံကြည်ပါတယ်။”
အစွမ်းရောက်မုန်းတီးရေး အမုန်းစကားဖြန့်ဖြူးမှုနဲ့ လူထုအကြား သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာနေတာတွေ ရှိလာနေတဲ့ အတွက်လည်း အခုလို နှစ်ပေါင်းရှည်ကြာ အတူတကွ နေထိုင်လာသူ မတူကွဲပြားသူတွေကြား တင်းမာမှုတွေ ဖြစ်လာရတဲ့အပေါ် အားလုံးက ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဖြေရှင်းကြဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။
“အမှန်တော့ ကျနော်တို့ကြားထဲမှာက တယောက်နဲ့တယောက် အတူတကွ ယှဉ်တွဲနေထိုင်လာကြတဲ့အစဉ်အလာ ရှိပြီးသားပါ။ ဒါပေမယ့် အဲဒီအပေါ်မှာ ဖျက်လိုဖျက်ဆီးနဲ့ မတူကွဲပြားမှုကို အခြေခံပြီးတော့ ပဋိပက္ခဖြစ်လာအောင် သွေးထိုးလှုံ့ဆော်မှုတွေက အရမ်းများလာတဲ့အတွက် လူတွေရဲ့ နဂိုရ်ကရှိပြီးသား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလိုတဲ့စိတ် တဖြည်းဖြည်း ပျောက်ကွယ်ကုန်ပြီး အကြမ်းဖမ်းမှု ဖြစ်စေပါတယ်။ အဲဒီတော့ လူထုအနေနဲ့ ဒီဟာတွေက ကောင်းကျိုးအတွက် မဖြစ်ထွန်းဘူး၊ သွေးထိုးလှုံ့ဆော်မှုဖြစ်တယ်ဆိုတဲ့အကြောင်းအရာကို နားလည်သဘောပေါက်ပြီးတော့ သတိနဲ့ယှဉ်တယ်၊ ကျနော်တို့ အသိဉာဏ်နဲ့စဉ်းစားပြီးတော့ အကောင်းဆုံးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ဆိုပြီးတော့ အခုနကလို ပညာပေးမှုတွေ၊ သတင်းစကားဖြန့်ချိမှုတွေ၊ စိတ်ဓာတ်တွေ၊ အသိတရားတွေယှဉ်ပြီးတော့ ဒီအပေါ်မှာ နားမယောင်ဖို့ လုပ်ဖို့ လိုအပ်ပါတယ်ခင်ဗျ။”
မြန်မာ့ လူအဖွဲ့အစည်းအတွင်း ခွဲခြား ဆက်ဆံမှုတွေ မရှိဖို့နဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ရေး ရည်ရွယ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က လူထုအကြား ဆွေးနွေးပညာပေးမှုတွေနဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ဆုတောင်းပွဲတွေ၊ စကားဝိုင်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။