သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ဖို့ ဒေါ်စု တိုက်တွန်း


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က NRPC ဖွဲ့စည်းရေးဆွေးနွေး (MOI)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က NRPC ဖွဲ့စည်းရေးဆွေးနွေး (MOI)

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိဖို့ ဆောင်ရွက်သွားကြဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ကော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာ (NRPC) ဖွဲ့စည်းရေးအပါအဝင် နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို အဓီကထား ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

လက်ရှိအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံတွေကနေ တစ်ဆင့် လူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တစ်ခု တည်ထောင်ဖို့အတွက် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ လအတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီးတဲ့နောက် ဒီကနေ့ မှာပဲ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီးအပါအဝင် တပ်မတော်သားကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနက ကိုယ်စားလှယ်တွေနဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ NRPC လို့ခေါ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးအပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ဝန်ကြီးဌာနရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“အဓိကတော့ဗျာ ဒီ NRPC ခေါ်တာပေါ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနပေါ့။ အဲဒီ ဌာနကနေပြီးတော့ ပြန်ပြီးတော့ reorganize လုပ်မှာ ပြန်လည်ဖွဲ့စည်းမယ့်ဟာပေါ့။ အရင်တုန်းက MPC မှာရှိခဲ့တယ်။ ရှိခဲ့တဲ့ဟာကို ဒီအစိုးရသစ်လက်ထက်မှာ NRPC ဆိုပြီးတော့ ဆက်ပြီးသွားမှာ အဲဒီဟာကတော့ ဘယ်လိုဖွဲ့မလဲဆိုတာဆွေးနွေးတယ်။ နောက်တခုက ဟို ဖွဲ့စည်းရေးပေါ့နော်။ တချိန်ထဲမှာပဲ ၂၁ ရာစု ပင်လုံညီလာခံအမြန်ဆုံးလုပ်ဖို့ပြောထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေ လုပ်ငန်းစဉ်တွေ အဲဒါတွေကိုလည်း တပြိုင်နက်ထဲလုပ်သွားရတာပေါ့။ တဘက်ကလည်း NRPC အဖွဲ့အစည်းတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း လုပ်မယ်၊ တဘက်ကလည်း ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်တဲ့ဟာတွေလုပ်မယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိကဆွေးနွေးကြတာပေါ့။”

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ပါဝင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ အဓိကတော့ သူ့ရဲ့ လမ်းညွန်ချက်၊ Guide ၊ မူဝါဒပေါ့နော် အဲဒါကတော့ ဘာလဲဆိုတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းပေ့ါ ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်တဲ့အပိုင်း မှာလုပ်ငန်းစဉ်အဆင့်တိုင်း အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိရေး ဒါကိုဦးတည်ပြီးဆောင်ရွက်သွားကြဖို့ဆိုပြီးတော့ သူကတော့ လမ်းညွန်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်သူတွေ ပါသင့်တယ်ဆိုတာတွေကို ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့။ အားလုံး ခြုံပြီးပြောရင်တော့ ဒီ ၂ ပိုင်းပေါ့ ၊ ဒီ ၂ ပိုင်းမှာ တပ်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးတက်တယ်။ အဲဒီတက်တဲ့အပိုင်းမှာလည်း အပြုသဘောပေါ့ အများကြီးဖြစ်ပါတယ်။ အများကြီးဖြစ်တယ်ဆိုတော့ ကျနော်တို့ အသေးစိတ် detail ကတော့ ထုတ်ပြန်ဖို့မရှိဘူး။ သို့သော် ခြုံလိုက်ရင်တော့ အားလုံးက အပြုသဘောတူညီချက်အရ တူညီကြတယ်ပေါ့။”

ဒါနဲ့ ပတ်သတ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေအတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“National Reconciliation and Peace Center ကို ပြန်လည် ဖွဲ့စည်းတဲ့နေရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အထူးသဖြင့် ကျနော်တို့အမြင်ကတော့ ဒီငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပါဝင်နေတဲ့ ဒါမှမဟုတ်ရင်လည်း ဒီလက်နက်ကိုင် ပဋိပက္ခအတွင်းမှာပါဝင်နေတဲ့အစုအဖွဲ့တွေရဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဖြစ်လို့ရှိရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမြင်ချင်းဖလှယ်တာတို့ ၊ နည်းလမ်းရှာတာတို့က ပိုပြီးလက်တွေ့ကျပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်လို့မြင်ပါတယ်။”

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် အချိန်ဆွဲသွားမှာမဟုတ်ပဲ တစ်လ နှစ်လအတွင်းမှာ ငြိမ်းချမ်းရေး ညီလာခံကို စတင်ဆောင်ရွက်ချင်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တချို့တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေသေးသလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုရင်တော့ အားလုံး ပါဝင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

“ ညီလာခံကတော့ ကျနော်တို့ အကုန်လုံးပါဝင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ဒါပေမယ့် သူသုံးတဲ့ ဝေါဟာရ အရကတော့ ပါဝင်ထိုက်ပါဝင်သင့်တယ်ဆိုတော့ ၊ မပါဝင်သင့်မပါဝင်ထိုက်တဲ့ အဖွဲ့တွေလည်း ရှိမှာပေါ့နော်။ ဒါကတော့ အစိုးရနဲ့ ဆိုင်တဲ့ကိစ္စ။ ကျနော်တို့က ဖြစ်နိုင်လို့ရှိရင်တော့ ဒီ ပဋိပက္ခမှာ အမြင်မတူတဲ့ အစုအဖွဲ့တွေရဲ့ အမြင်တွေစုစည်းဖို့အတွက် ဆိုရင်လည်း ကျနော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဖြေတခုတော့ ရှာဖို့သင့်တယ်။ နှစ်ဘက်က လက်ခံနိုင်ပြီး ၊ အကောင်အထည်ဖော်နိုင်တဲ့ ရေရှည်လည်းတည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးအဖြေတခုတော့ ရှာသင့်တာပေါ့။ အကုန်လုံးလည်း ပါဝင်သင့်တာပေါ့။ ဒါပေမယ့် ဘယ်ပုံစုံနဲ့ လုပ်မယ်ဆိုတာတော့ မသိဘူးပေါ့နော်။”

အပစ်အခက် ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဖို့ ဖွဲ့စည်းမယ့်အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို အစိုးရအဆင့် ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ဒီကနေ့ အစည်းအဝေးကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပြင် ငြိမ်းချမ်းရေး စေ့စပ်ညိုနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ တတ်ရောက်ခဲ့သလို MPC က ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦးနဲ့ ဒေါက်တာမင်းဇော်ဦး တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံကိုတော့ လာမယ့် ဂျုလိုင်လအတွင်းမှာ ကျင်းပသွားမယ်လို့ ဒီကနေ့ အစည်းအဝေးကို တတ်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦး က ပြောပါတယ်။

XS
SM
MD
LG