နှစ်သစ် အခါသမယဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၁၆၉ ယောက်ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူးဝါးလရှီလက ကြေညာချက် ထုတ်ပြန်ပါတယ်။ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့ သူတွေနဲ့ ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့အမှုတွေ ဘယ်လိုအမှုတွေ ဖြစ်တယ်ဆိုတာနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ကြေညာချက်မှာ အသေးစိတ် ဖေါ်ပြခြင်း မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG စိုးမိုးထိန်းချုပ် ဒေသတွေက အကျဉ်းသား အကျဉ်းသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာဖြစ်တဲ့အကြောင်း ကြန့်ကြာပြီး မစီရင်နိုင်သေးတဲ့အမှုတွေ ကိုလည်း အမြန်စီရင်နိုင်အောင် ကြိုးပမ်းလျှက်ရှိတဲ့အကြောင်း NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။
Forum