သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အစိုးရ အာဖဂန်ကိစ္စ သဘောထားကွဲ


အိုဘားမား အစိုးရ အာဖဂန်ကိစ္စ သဘောထားကွဲ
အိုဘားမား အစိုးရ အာဖဂန်ကိစ္စ သဘောထားကွဲ

အာဖဂန်စစ်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်အသစ်ဟာ အောင်မြင်မှု ရှိပါ့မလား ဆိုတာကို အမေရိကန် အစိုးရထဲက အဓိက တာဝန်ရှိသူတွေ သံသယ ပွားနေချိန်မှာပဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သူ့ရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်တွေကြားမှာ နက်ရှိုင်းတဲ့ ကွဲလွဲမှုတွေ ရှိနေတာကို ထုတ်ဝေတော့မယ့် စာအုပ်အသစ် တအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ အကြံပေး အရာရှိတွေကို မေးမြန်းမှုတွေ လုပ်ခဲ့တဲ့ The Washington Post သတင်းစာရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ ဘော့ဘ် ဝုဒ်ဝါ့ဒ် (Bob Woodward) ရဲ့ မကြာခင် ထုတ်ဝေဖို့ရှိတဲ့ စာအုပ်ဖြစ်တဲ့ အိုဘားမားရဲ့ စစ်ပွဲများဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက် တချို့ကို The Washington Post နဲ့ The New York Times သတင်းစာတွေမှာ ဗုဒ္ဓဟူးနေ့တုန်းက ဖော်ပြလိုက်တာပါ။

တာလီဘန်တွေရဲ့ သောင်းကျန်းမှုကို နှိမ်နင်းဖို့ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်တွေက အမေရိကန်တပ်တွေ တိုးပြီး စေလွှတ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သမ္မတကတော့ ပြန်လည်ဆုတ်ခွာဖို့နဲ့ တိုင်းပြည်ထူထောင်ရေး ဆိုတဲ့ အသုံးအနှုန်းကိုလည်း မသုံးတော့ဖို့ကိုသာ တွန်းအားပေးခဲ့တယ်လို့ သတင်းစာတွေက ရေးခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အနေနဲ့ နောက်ဆုံးမှာ တပ်အင်အား ၃၀,၀၀၀ ထပ်မံစေလွှတ်ဖို့ သဘောတူခဲ့ပေမဲ့ ရှေ့နှစ် ၂၀၁၁ ခုနှစ် ဇူလိုင်လကစပြီး အမေရိကန်တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ သတ်မှတ်ရက်ကိုလည်း ကြေညာခဲ့တာပါ။

အာဖဂန်စစ်ပွဲအတွက် မဟာဗျူဟာ အသစ်ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့လည်း အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ရစ်ချာ့ဒ် ဟိုးလ်ဘရွတ်ခ် (Richard Holbrooke) ကို ကိုးကားပြီး သတင်းစာတွေက ရေးသားခဲ့တာ ဖြစ်ပါတယ်။

အစိုးရ တာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေး ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကိုလည်း စာအုပ် ကောက်နှုတ်ချက်တွေမှာ ဖော်ပြခဲ့တာပါ။

အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) ကတော့ စာအုပ်ကောက်နှုတ်ချက်တွေမှာ သမ္မတဟာ အာဖဂန်နိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် မဟာဗျူဟာတရပ် ထွက်ပေါ်လာအောင် စဉ်းစားချင့်ချိန်နိုင်သူ၊ စွမ်းစွမ်းတမံ မူဝါဒတွေကို ကျင့်သုံးသူအဖြစ် ဖော်ပြထားတယ်ဆိုပြီး ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာနဲ့ ပတ်သက်လို့ လျှော့လျှော့ပေါ့ပေါ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG