သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံတိုက်ခိုက်မှု အိုဘားမား MSF ကို တောင်းပန်


အာဖဂန်နစ္စတန်နိုင်ငံ Kunduz မြို့မှာရှိတဲ့ နိုင်ငံတကာ ပရဟိတ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ဆေးရုံကို အမေရိကန်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၂ ဦး သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Barack Obama က တောင်းပန်လိုက်ပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ Joanne Liu ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သမ္မတ အိုဘားမားက အဲဒီဖြစ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ ဝမ်းနည်းစကား ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

စနေနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မရှိသူ အများအပြား သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းမိကြောင်းလည်း အာဖဂန်သမ္မတ Ashraf Ghani ကို တယ်လီဖုန်းနဲ့ ခေါ်ယူ ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် တိုင်းပြည်မြောက်ပိုင်းက Kunduz မြို့ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် တာလီဘန်တပ်ဖွဲ့တွေကို တွန်းလှန် တိုက်ခိုက်နေတဲ့ အာဖဂန်တပ်ဖွဲ့တွေရဲ့ သတ္တိစွမ်းအားကို ချီးကျူးကြောင်းလည်း သမ္မတ အိုဘားမားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်အတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဂျနီဗာ သဘောတူညီချက်နဲ့အညီ စုံစမ်း စစ်ဆေးပေးဖို့ ပြင်သစ်လို MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG