သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရီးစဉ် အဆုံးသတ်ချိန် တရုတ်ကို အိုဘားမားဝေဖန်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ သူ့ရဲ့ အာရှ လေးနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး ဖိလစ်ပိုင်နိုင်ငံကနေ မထွက်ခွာခင်မှာ တရုတ်နိုင်ငံရဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှုတွေအပေါ် သူ့အစိုးရ ကိုင်စွဲလာတဲ့ မူဝါဒကို ထပ်ပြောပြီးတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒကို နောက်ထပ် ဝေဖန်လိုက်ပါတယ်။

“နိုင်ငံအားလုံး၊ လူထုအားလုံးဟာ လုံခြုံ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရှိပြီး သူတို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစား ခံခွင့်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာ ဥပဒေကို လေးစားရမယ်။ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းရမယ်၊ ကုန်သွယ်ကူးသန်းမှုကို အတားအဆီး မဖြစ်စေရဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရမှာ ဖြစ်ပြီးတော့ ခြိမ်းခြောက်တာ ဒါမှမဟုတ် အင်အားသုံးပြီး မဖြေရှင်းရဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဆိုပြီး အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေကို သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန် စစ်ဘက်ကို ချဲ့ထွင်ချထားဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်အကြား သဘောတူခဲ့အပြီး နောက်တရက်မှာပဲ တရုတ်ကို နာမည်တပ် မပြောခဲ့တဲ့ အဲဒီစကားတွေကို သမ္မတ အိုဘားမားက ပြောခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံကို ခုခံကာကွယ်ရေး အမေရိကန်ရဲ့သန္နိဋ္ဌာန်ဟာ သိပ်ကို ခိုင်မာတယ်ဆိုတာ သမ္မတအိုဘားမားက အလေးအနက် ပြောခဲ့ပါတယ်။ တိုက်ခိုက်ခံရတယ်ဆိုရင် တနိုင်ငံနဲ့ တနိုင်ငံ အကာအကွယ်ပေးရေး ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ် ကို သမ္မတ အိုဘားမားက ထောက်ပြခဲ့ပါတယ်။
XS
SM
MD
LG