သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ စီးပွားရေး တိုးမြှင့် လုပ်ဆောင်ဖို့ အမေရိကန်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ ဒေသအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိလာဖို့နဲ့၊ ဒီဒေသတွင်း စီးပွားရေး အလားအလာကောင်းတွေ ဖြစ်ထွန်းလာဖို့ဆိုတဲ့ သမ္မတအိုဘားမားအစိုးရရဲ့ ပိုင်းဖြတ်ချက်အရ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မြန်မာ အာရှ ၃ နိုင်ငံ ခရီးစဉ် ရောက်ရှိလာတာ ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker က ပြောဆိုပါတယ်။

ကုန်သွယ်ရေးဝန်ကြီး Pritzker ဟာ အမေရိကန်-အာဆီယံ ကုန်သွယ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အရှေ့တောင်အာရှ ဒေသကို အခု ရောက်ရှိနေတာပါ။ သမ္မတ အိုဘားမားအစိုးရ တာဝန်ယူလိုက်ပြီးကတည်းကဆိုရင် အာရှ-ပစိဖိတ်ဒေသနဲ့ ဆက်ဆံမှုတွေ တိုးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အကြပ်အတည်း ဘယ်လောက်ရှိရှိ အခွင့်လမ်းကောင်းတွေ ဘယ်လိုလာလာ ဒီဒေသနဲ့ အမေရိကန် ဆက်ဆံရေးဟာ အမေရိကန် နိုင်ငံခြားရေးနဲ့ စီးပွားရေးမူဝါဒရဲ့ အုတ်မြစ်တခု ဖြစ်ရမယ်ဆိုပြီးတော့လည်း သမ္မတအိုဘားမားရဲ့ မူဝါဒကို ကုန်သွယ်ရေးဝန်ကြီးက ထင်ဟပ် ပြောဆိုသွားခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း လူလတ်တန်းစား အလွှာဟာလည်း ကမ္ဘာ့လူလတ်တန်းစားရဲ့ ၅၄ ရာခိုင်နှုန်းအထိ ၂၀၂၀ ခုနှစ်မှာ ဖြစ်လာဖို့ိရှိသလို၊ အဲဒီကျရင် အာရှ-ပစိဖိတ်နိုင်ငံတွေရဲ့ ပြည်ပသွင်းကုန် ပမာဏဟာ အခုအချိန်ထက် ၂ ဆခွဲကျော် ပိုလာလိမ့်မယ်လို့လည်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ဒီဒေသတွင်း ရင်းနှီးမြှုပ်နှံမှု တိုးလာဖို့အတွက် တရုတ်နိုင်ငံ Wuhan နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တို့မှာ ကုန်သွယ်ရေးရုံးတွေကိုပါ ဖွင့်လှစ်နေပြီလို့ ဆိုပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Pritzker ဟာ အခု ဗီယက်နမ်ကနေ ဖိလစ်ပိုင်နိုင်ငံ သွားမှာဖြစ်ပါတယ်။ နောက်ဆုံး ခရီးတထောက်ကတော့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်တော့ စီးပွားရေးပိုင်းက တာဝန်ရှိသူတွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ စီးပွားရေး မူဝါဒအရ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံတာကို ခွင့်ပြုအားပေးပေမဲ့ယ့်၊ အမေရိကန် လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ ကန့်သတ်စောင့်ကြည့်မယ့် စနစ်တရပ်ကိုလည်း ထားရှိပါတယ်။
XS
SM
MD
LG