သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး သံတမန်နည်းအရ ဖြေရှင်းဖို့ အိုဘားမားထောက်ခံ


ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက ဓာတုလက်နက်သုံး တိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေးနည်းနဲ့ အားထုတ်မှုသစ်အပေါ်မှာ သူ့အနေနဲ့ အားတက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားကြောင့် အမေရိကန်တို့ စောင့်ထိန်းတဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ လုံခြုံရေးပိုင်းမှာ ထိခိုက်နိုင်တဲ့ အန္တရာယ် ကျရောက်နေတယ်လို့ အင်္ဂါနေ့ညတုန်းက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။

စစ်ရေးအရ အကန့်အသတ်နဲ့ အရေးယူဖို့အတွက် ထောက်ခံ မခံဆိုတာကို လွှတ်တော်မှာ နောက်ကျရင် မဲခွဲဖို့ လိုအပ်ဆဲဖြစ်တယ်လို့ သမ္မတ အိုဘားမား ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Dan Robinson က သတင်းပို့ပါတယ်။ မစုမြတ်မွန်က အပြည့်အစုံကို တင်ပြထားပါတယ်။

Damascus မြို့တော်မှာ သြဂုတ်လတုန်းက ဖြစ်ခဲ့တဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုဟာ တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက်စရာ ဖြစ်နေတဲ့အတွက် ပြတ်ပြတ်သားသား တုံ့ပြန်သင့်တယ်ဆိုတဲ့ သူ့ရဲ့အမြင်ကို အမေရိကန်ပြည်သူတွေကို တိုက်ရိုက်ပြောမယ်လို့ ကတိပြုထားတဲ့အတိုင်း သမ္မတ အိုဘာမားက ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောခဲ့တာပါ၊ အမေရိကန် ထောက်လှမ်းရေးတွေရဲ့ အပြောအရ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ် ၁၄၀၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဆီးရီးယားသမ္မတရဲ့ တိုက်ခိုက်မှုကို ကမ္ဘာကြီးက လက်ခံနေလို့ မရဘူးလို့ သမ္မတက အခုလို ပြောခဲ့ပါတယ်။


“ကြမ်းကြုတ် ရက်စက်တဲ့ လုပ်ရပ်တွေကို အာဏာရှင်တွေက လုပ်တဲ့အခါ အင်မတန် ခြောက်ခြားဖွယ်ကောင်းတဲ့ ပုံတွေ မေ့ပျောက်သွားတဲ့အချိန်အထိ ကမ္ဘာကြီးက မျက်နှာလွှဲသွားကြတာမျိုး သူတို့က ဖြစ်စေချင်ပါတယ်။ အဲဒီလိုမျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီအချက်ကို ငြင်းလို့ မရပါဘူး။ အခု မေးခွန်းထုတ်စရာက အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ဖို့ ပြင်ဆင်ထားသလဲ ဆိုတာပါ။”

အင်္ဂါနေ့ညက သမ္မတမိန့်ခွန်းမပြောခင် အမေရိကန်လွှတ်တော်မှာလည်း ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အချေအတင် ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ လက်ကိုအပ်ဖို့ ရုရှားရဲ့ အစပြု ကမ်းလှမ်းချက်ကို ဆီးရီးယားဘက်က လက်ခံတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကို လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဝန်ကြီး ကယ်ရီရဲ့ တုံ့ပြန်ချက်က

“ဒီလိုလုပ်မယ်ဆိုရင် မြန်မြန်လုပ်ဖို့ လိုအပ်တယ်။ တကယ်စစ်မှန်ဖို့ လိုအပ်တယ်။ စိစစ်အတည်ပြုနိုင်ဖို့ လိုအပ်ပါတယ်။”

ဆီးရီးယားအပေါ် စစ်ရေးနဲ့ အရေးယူမှုကို လက်ခံ မခံ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့်ကိစ္စကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းနေချိန်မှာ
ရွှေ့ဆိုင်းထားဖို့လည်း သမ္မတ အိုဘားမားက တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ စစ်ရေးအရ တိုက်ခိုက်ဖို့ လိုအပ်လာတယ်ဆိုရင်လည်း ရည်ရွယ်ချက်က ဓာတုလက်နက် သုံးစွဲမှုကို တားဆီးဖို့နဲ့ အာဆတ်အစိုးရရဲ့ စွမ်းဆောင်နိုင်စွမ်းကို အားလျော့သွားစေဖို့ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အီရတ်တို့ အာဖဂန်တို့မှာလို ကန့်သတ်ချက် မရှိ စစ်တိုက်တာမျိုး၊ လစ်ဗျားနဲ့ ကိုဆိုဗို တို့မှာလိုလည်း ရေရှည် လေကြောင်းက တိုက်ခိုက်မှုမျိုးဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် အစ္စရေးလ်၊ တူရကီနဲ့ ဂျော်ဒန်တို့လို အမေရိကန်ရဲ့ မဟာမိတ်တွေအတွက် အန္တရာယ်နည်းစေမှာဖြစ်တဲ့ တချိန်ထဲမှာ အီရန်လို ဆီးရီးယားရဲ့ မဟာမိတ်တွေကို ဒီလုပ်ရပ်မျိုး လက်မခံဘူးဆိုတာ ပြသရာရောက် မှာ ဖြစ်ပါတယ်။

“ဓာတုလက်နက်သုံးစွဲမှုကို လက်မခံနိုင်ဘူးဆိုတာ ပြသဖို့ ပျက်ကွက်ခဲ့ရင် တခြား ဖျက်အားပြင်း လက်နက်တွေကို တားဆီးတဲ့နေရာမှာ အားနည်းသွားနိုင်သလို၊ နိုင်ငံတကာ ဥပဒေတွေကို လျစ်လျူရှုပြီး နျူကလီးယား လက်နက်တွေကို ထုတ်လုပ်မလား၊ ငြိမ်းချမ်းတဲ့လမ်းကို သွားမလားဆိုတာကို ဆုံးဖြတ်ရမယ့် အာဆတ်ရဲ့ မဟာမိတ် အီရန်ကို ရဲဆေးတင်ပေးရာ ရောက်သွားပါလိမ့်မယ်။”

အခုလို သမ္မတ အိုဘားမားက ပြောနေပေမဲ့ ရီပတ်ပလစ်ကန် ဆီးနိတ်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကတော့ စစ်တိုက်ဖို့ခွင့်ပြုမဲ့ ဆုံးဖြတ်ချက်ကို မဲပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။


ဒီဆုံးဖြတ်ချက်က အများထောက်ခံချက်ရမယ့် ဆုံးဖြတ်ချက်ကို မဟုတ်ပါဘူးလို့ ပြောသွားတာပါ။ ဆီးရီးယားအပေါ် လေကြောင်းက တိုက်ခိုက်ဖို့ကိစ္စကို အမေရိကန် တော်တော်များများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတယ်လို့ စစ်တမ်းတွေကလည်း ပြသနေပါတယ်။ ဒါကြောင့် သမ္မတက အင်္ဂါနေ့ညက ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ အခုလို ပန်ကြားခဲ့ပါတယ်။

“လွှတ်တော်အမတ် တယောက်ချင်းစီကိုရော ရုပ်မြင်သံကြား ကြည့်နေကြတဲ့ ပြည်သူတွေကိုပါ ကျနော်တိုက်တွန်းချင်တာကတော့ တိုက်ခိုက်မှု ဗွီဒီယိုတွေကို ကြည်ပြီးတော့ မေးခွန်းထုတ်စေချင်ပါတယ်။ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ အာဏာရှင်တယောက်ကို တကယ်လို့ အမေရိကန် ပြည်ထောင်စုက ကြည့်နေရင် ဘယ်လို ကမ္ဘာကြီးမှာ နေ နေတာပါလဲ ဆိုတာကို မေးခွန်းထုတ်စေချင်ပါတယ်။”

ဆီးရီးယားမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာနဲ့အတူ နိုင်ငံရေး အဖြေထွက်လာဖို့ စစ်ရေးအရ ဆောင်ရွက်ဖို့ လိုအပ်လာတယ်ဆိုရင် အခုထက် ၂ ဆတိုး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတက ကတိပေးခဲ့ပါတယ်။
XS
SM
MD
LG