သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားခရီးစဉ်ကြောင့် မြန်မာ့စီးပွားရေး အခွင့်အလမ်းကောင်းမျှော်လင့်


အမေရိကန် သမ္မတ အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါတဲ့ တီရှပ်အင်္ကျီတွေ ရန်ကုန်မြို့မှာ ရောင်းချနေပုံ။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
အမေရိကန် သမ္မတ အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါတဲ့ တီရှပ်အင်္ကျီတွေ ရန်ကုန်မြို့မှာ ရောင်းချနေပုံ။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်နဲ့အတူ၊ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက သွင်းကုန်ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားပေးလိုက်တာကြောင့် မြန်မာ့စီးပွားရေး အလားအလာ ပိုကောင်းလာမယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ တိုင်းပြည်ဖြစ်တယ် လို့ အမေရိကန်ဘက်က လည်း ယူဆနေတာပါ။ မြန်မာနိုင်ငံ စီးပွားရေး အနာဂတ်နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အမြင်၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကရော အမေရိကန်အပေါ်မှာ ဘယ်လို ရှုမြင်ပါသလဲ ကိုသားညွန့်ဦးက စုစည်း တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သမ္မတအိုဘားမား လာရောက်မှာဖြစ်သလို၊ မြန်မာနိုင်ငံ သွင်းကုန်တွေကို ပိတ်ပင်တဲ့ ယခင်အရေးယူမှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းမှု အသက်ဝင်သွားပြီ ဖြစ်တာကြောင့် မြန်မာ့စီးပွား ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေ တိုးလာစေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီကနေ့ပဲ စင်ကာပူနိုင်ငံမှာ ပြောသွားတာပါ။

“မြန်မာနိုင်ငံဟာ လုံခြုံရေးနဲ့ စိုးရိမ်ကြောင့်ကျမှု တွေကြောင့် ဒေသတွင်း တိုးတက်မှု နှေးကွေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလမ်းအတိုင်း သွားမရတော့ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံဟာ တံခါးဖွင့်လာသလို ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေးသစ် တွေကိုလည်း ထူထောင်လာတာကြောင့် ကုန်သွယ်ရေးအရ အချက်အချာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ ဈေးကွက်တွေကို ချိတ်ဆက်ပေးတဲ့နေရာ ဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ် သစ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေနဲ့ အင်ဒို-ပစိဖိတ် ဒေသရဲ့ စီးပွားရေးတံခါးပေါက်တခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ပြီး၊ သန်းနဲ့ချီပြည်သူတွေ ဆင်းရဲမွဲတေမှုတွေကို လျော့ပါးလာနိုင်ပါတယ်။”

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကုန်သွယ်ရေးအရ အချက်အချာကျတယ် ဆိုတဲ့ ဒီအချက်ကို အမေရိကန်ဘက်က အထူးစဉ်းစားခဲ့ပုံရပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်မူဝါဒ ပြောင်းလဲမှု၊ သမ္မတအိုဘားမား မြန်မာခရီးစဉ် လာရောက်မှုတွေ အတွက် အရေးပါတဲ့ အချက်တချက် ဖြစ်မယ်လို့ သုံးသပ်သူတွေ ယူဆပါတယ်။ သမ္မတအိုဘားမားခရီးစဉ် အတွက် စဉ်းစားရာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်း မဟာဗျူဟာကျမှုကိုလည်း ထည့်သွင်းစဉ်းစားတယ်လို့ အိမ်ဖြူတော်အရာရှိတွေ ကလည်း တနေ့က ပြောခဲ့တာပါ။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခ Thitinan Pongsudhirak ကလည်း အမေရိကန်အနေနဲ့ ဒေသတွင်းမှာ စီးပွားရေးအရ သူတို့ ပြတ်ကျန်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း သူ့ထင်မြင်ချက်ကို ပြောပါတယ်။

“ပုဂ္ဂလိကလုပ်ငန်းပိုင်း အကျိုးစီးပွားအရ ပြောမယ်ဆိုရင်တော့ အမေရိကန်က သူနောက်မှာ ပြတ်ကျန်ခဲ့တယ်လို့ ယူဆပါတယ်။ ဥရောပသမဂ္ဂတို့၊ အာဆီယံတို့ တရုတ် စသဖြင့် နိုင်ငံတွေနောက်မှာ ကျန်ခဲ့တယ်လို့ ယူဆတာပါ။ ဒါကြောင့် အခုအချိန်ဟာ အမေရိကန်အတွက် အထူးသဖြင့် အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အတွက် အခွင့်အလမ်း ဆုပ်ကိုင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအိုဘားမား ခရီးစဉ်ဟာ အမေရိကန်စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးစီးပွား အတွက် အမေရိကန် ပုဂ္ဂလိကလုပ်ငန်းပိုင်းတွေ အကျိုးဖြစ်မယ့် ခရီးလို့ ယူဆရပါတယ်။”

ဒါကြောင့်လည်း အခု သမ္မတအိုဘားမားဟာ ဒုတိယ သမ္မတသက်တမ်း ရွေးချယ်ခံရပြီးပြီးချင်း အာရှဒေသ ခရီးထွက်လာတာကိုကြည့်ရင်၊ သူ့အနေနဲ့ ဒီဒေသအပေါ်မှာ အထူးစိတ်ဝင်စားကြောင်း ဖော်ပြချက်ဖြစ်တယ်လို့ ယူဆပါတယ်။ အခု အာရှခရီးစဉ်နဲ့ ကမ္ဘောဒီယား နိုင်ငံမှာလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေး ကာလမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စကို ပိုအလေးထားမယ်လို့ တွက်ဆကြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ကလည်း အမေရိကန်နဲ့ မြန်မာ စီးပွားရေးအရ ဆက်ဆံမှုလမ်းပွင့်လာပြီး တိုးတက်လာမယ့် အလားအလာကိုလည်း မြင်ရပြီလို့ ပြောပါတယ်။ ရန်ကုန်မှာရှိတဲ့ ကုန်သည်အသိုင်းအဝိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်း အကြားမှာလည်း မကြာခင် သမ္မတအိုဘားမားလာမယ့် ခရီးစဉ်ကို အထူး စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပုံနှိပ်စက်လုပ်ငန်းပိုင်ရှင်တဦးက ပြောပါတယ်။

“အဲဒီတစု လာတဲ့အတွက် အန်တီတို့ တိုင်းပြည်က တိုးတက်သွားမယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီး များပြားလာမယ်။ ဝင်ငွေတွေ တိုးတက်လာမယ့်အတွက် အန်တီတို့က အိုဘားမားကို အရမ်းကို ကြိုဆိုပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။”

သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်ဟာ စောလွန်းသေးတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ ကန့်ကွက်နေကြတာပါ။ တိုင်းရင်းသားဒေသ အချို့မှာ မငြိမ်းချမ်းသေးတာ၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာ၊ ဖွဲ့စည်းပုံအရ ဒီမိုကရေစီ မဆန်ဘဲ စစ်တပ်က အုပ်ချုပ်မှုကို ထိန်းထားနိုင်တာ စသဖြင့် ထောက်ပြကြပါတယ်။ ဒါပေမဲ့လည်း နာရီပိုင်းကြာမယ့် သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ခဲ့တဲ့ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မှာပဲ အချိန်ယူထားပါတယ်။ ဒါကိုကြည့်ရင် အမေရိကန်အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ် ဆိုတဲ့ ပြသချက်ဖြစ်တယ်လို့ ပါမောက္ခ Thitinan က ယူဆပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတဦးသိန်းစိန်ကိုပါ တွေ့ဆုံမယ့် သမ္မတအိုဘားမား ခရီးစဉ်ဟာ အတော်လေးကို ထူးခြားပါလိမ့်မယ်။ အနှစ်သာရအရ ပြောမယ်ဆိုရင်တော့ သူ ဘယ်တွေကို သွားလဲဆိုတာ ကြည့်ရပါမယ်။ အခု ခရီးစဉ်အတွင်း သူဟာ နေပြည်တော်ကို မသွားဘဲ ရန်ကုန်မြို့ကိုပဲ သွားတာပါ။ ဒါကိုကြည့်ရင် ဒီခရီးစဉ်ဟာ ဦးသိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ခရီးလို့ ပြောရပါမယ်။ သေချာတာကတော့ ခြုံပြောရရင် ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတဲ့ ခရီးစဉ်ဖြစ်ပါတယ်။”

သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်အတွင်းမှာပဲ ထူးထူးခြားခြား တခုကတော့ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်ပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေ မှာလည်း ကြီးကျယ်ခမ်းနားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူထုကို မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံရေးအရ ထူးခြားမှုတရပ်လို့ ယူဆလို့ရပါတယ်။
XS
SM
MD
LG