သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှခရီးစဉ်ဖျက်သိမ်း


သမ္မတအိုဘားမားက အစိုးရဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းကို မေရီလဲန်းပြည်နယ်က ဒေသတွင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M. Luis Construction မှာ ရှင်းလင်းပြောကြားစဉ်။ (အောက်တိုဘာ ၃၊ ၂၀၁၃)။
သမ္မတအိုဘားမားက အစိုးရဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းကို မေရီလဲန်းပြည်နယ်က ဒေသတွင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M. Luis Construction မှာ ရှင်းလင်းပြောကြားစဉ်။ (အောက်တိုဘာ ၃၊ ၂၀၁၃)။
အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအသုံးစရိတ်သတ်မှတ်ရေး လွှတ်တော်မှာ သဘောတူညီမှုမရနိုင်ရာက အစိုးရရဲ့လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာ ၄ ရက်အထိ ရှိလာပြီဖြစ်တာကြောင့် အခုနောက်ဆုံး သမ္မတဘရက်ခ် အိုဘားမားက သူ့ရဲ့အာရှခရီးစဉ်တခုလုံးကို ဖျက်လိုက်ပါတယ်။

အစိုးရ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေး လွှတ်တော်တွင်းမှာ မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအပေါ် ဆက်လက် ဖိအားပေးရမှာဖြစ်တဲ့အတွက် ပြည်ပခရီးထွက်ဖို့ အခက်အခဲ ရှိနေတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ရတာလို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့ကပဲ ကြေညာခဲ့တာပါ။

သမ္မတသွားဖို့ စီစဉ်ထားတဲ့ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မှာ ဖြစ်သလို မူလက သမ္မတရဲ့အစီအစဉ်ထဲမှာ ထည့်သွင်းထားတဲ့ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း သွားမှာဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ကြေညာပါတယ်။ ဝန်ကြီး Kerry ဟာ သမ္မတကိုယ်စား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာပါ။

သမ္မတကတော့ Obamacare လို့ လူသိများတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ်အတွက် အပါအဝင် ဘဏ္ဍာရေးအသုံးစရိတ်အတွက် ဥပဒေမူကြမ်းကို ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခွင့်ရမယ်ဆိုရင် အတည်ပြုနိုင်မှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့ အစောပိုင်းမှာပဲ ပြောဆိုထားပါတယ်။
XS
SM
MD
LG