သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ အမေရိကန်နိုင်ငံသားတွေကို နောက်ဆုံးနှုတ်ဆက် မိန့်ခွန်းအဖြစ် - အနာဂတ်ကို မျှော်မှန်းပြီး ပြောကြားမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

သူ့ရဲ့မိန့်ခွန်းထဲမှာ သမ္မတသက်တမ်း ၈ နှစ်အတွင်း အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့တာတွေ ကို ပြောဆိုသွားမှာပါ။ ကိုယ့်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအတွက် နိုင်ငံသားတွေ ရုန်းကန်ကြိုးစားဖို့ မိန့်ခွန်းထဲမှာ တိုက်တွန်း ဆော်သြပြောဆိုဖို့ ရည်ရွယ်ထားကြောင်းလည်း အိမ်ဖြူတော် အကြီးတန်း အကြံပေး အရာရှိ Valerie Jarrett က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မိန့်ခွန်းကိုတော့ သမ္မတ အိုဘားမားရဲ့ ဒေသခံမြို့ဖြစ်တဲ့ ရှီကာဂိုမြို့ ရေကန်နဘေးမှာရှိတဲ့ McCormick Place ခန်းမဆောင်မှာ အမေရိကန်ဒေသစံတော်ချိန် အင်္ဂါနေ့ည ၉ နာရီ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၈ နာရီခွဲအချိန် ပြောကြားမှာ ဖြစ်ပါတယ်။ နှုတ်ဆက်မိန့်ခွန်းဟာ သမ္မတသက်တမ်းအတွင်း ပျမ်းမျှ ၆၃ မိနစ်လောက်ကြာတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းလောက်တော့ ကြာမှာ မဟုတ်ဘူးလို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူ Jen Psaki ကပြောပါတယ်။

နှုတ်ဆက်မိန့်ခွန်း ရေးသားရာမှာ သမ္မတအိုဘားမားကိုယ်တိုင် အကြီးအကျယ် ပါဝင်ပြုစုနေပြီး၊ မိန့်ခွန်းပြောစင်ပေါ် မတက်ခင်အထိ အချောသတ် ပြင်ဆင်ကောင်း ပြင်ဆင်နိုင်တယ်လို့လည်း သမ္မတရဲ့ လက်ထောက်အရာရှိတွေက ပြောပါတယ်။

မိန့်ခွန်းပြောမယ့် ရှီကာဂိုမြို့ကို သွားမယ့်ခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက် သမ္မတသက်တမ်းအတွင်း ၀ါရှင်တန်မြို့တော် ပြင်ပကို Air Force One သမ္မတလေယာဉ်နဲ့ သွားရောက်မယ့် နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ Donald Trump ကတော့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး၊ ၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG