သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama ကျန်းမာရေးအစီအစဉ် ဆက်ထား မထား လွှတ်တော်ဆွေးနွေးမည်


လွှတ်တော်
လွှတ်တော်

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သူ့ရဲ့ သမိုင်းဝင်ဥပဒေကို ခုခံကာကွယ်ရေး ဒီမို ကရက်တစ်လွှတ်တော်အမတ်တွေကို စုစည်းဖို့အတွက် ဒီကနေ့ ကွန်ဂရက်လွှတ်တော်မှာ သွားဆွေးနွေးဖို့ရှိပါတယ်။

ရွေးကောက် ခံ ဒုတိယသမ္မတ Mike Pence ဟာလည်း သူတို့အစီအစဉ်ကို ရီပတ်ဘလီကန်အမတ်တွေနဲ့ ဆွေးနွေးဖို့ သွားမှာပါ။ အဲဒီထဲမှာ Obamacare ကို ခေါ်ဝေါ် ပြောဆိုနေကြတဲ့ ဒီဥပဒေကို ဖျက်သိမ်းပစ်ရေးကိုလည်း ရီပတ်ဘလီကန်တွေ ဆွေးနွေးကြမှာပါ။

ဒီ အပြိုင်ဆွေးနွေးပွဲနှစ်ခုဟာ သမ္မတအိုဘားမားအစိုးရကနေ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့သစ်လက်ထဲ အာဏာလွှဲပြောင်းရေး လုပ်နေတာနဲ့အမျှ ဖြစ်လာဖို့ရှိတဲ့ ထိပ်တိုက်တွေ့မှုကြီးတွေထဲကတခုကို အထင်အရှားပြနေပါတယ်။

စရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှုဥပဒေလို့ ဆိုရမယ့် Affordable Care Act ကို လွှတ်တော်နှစ်ရပ်လုံးကို ဒီမို ကရက်တွေက ထိန်းချုပ်ပြီး မစ္စတာအိုဘားမားက သမ္မတအဖြစ်ရှိနေတဲ့ ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့တာပါ။ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ အာဏာချိန်ခွင်လျှာဟာ ၂၀၁၀ ပြည့်နှစ်ကပုံစံနဲ့ပြောင်းပြန် ရီပတ်ဘလီကန်တွေဘက် ရောက်သွားတော့မှာ ပါ။

Obamacare ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ဟာ သိပ်ကို ဆိုးရွားတဲ့ အစီအစဉ်ဖြစ်ပြီး အကုန်အကျသိပ်များလွန်းတယ် လို့ မစ္စတာ Trump က ပြောထားဖူးပါတယ်။ ဒီအစီအစဉ်ကို အစားထိုးမယ့် အသေးစိတ်အစီအစဉ်တခုကို သူက ခုချိန်ထိ ချမပြ သေးပေမဲ့လည်း သူ လုပ်ချင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောထားတာပါ။

ဒီအစီအစဉ်ကို ဖျက်ပစ်ချင်တဲ့ ရီပတ်ဘလီကန်တွေရဲ့ ရည်မှန်းချက်ကို ဘယ်လိုတန်ပြန်မယ်ဆိုတာ သမ္မတအိုဘားမားက ဒီမို ကရက်တွေနဲ့ ဆွေးနွေးမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG