သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွန်ခဲ့တဲ့ ၅ နှစ် မုန်တိုင်းသင့်ဒေသ အိုဘားမား သွားရောက် ကြည့်ရှု


အမေရိကန်နိုင်ငံ တောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ကက်ထရီနား ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ရေလွှမ်းမိုးပြီး ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ရတဲ့ နယူးအော်လင်းစ်နဲ့ လူဝီစီယားနား ဒေသတွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သွားရောက် ကြည့်ရှုနေပါတယ်။

၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပတဲ့ နယူးအော်လင်းစ်က ဇေဗီယာ တက္ကသိုလ် (Xavier University) မှာ သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

နယူးအောင်လင်းစ် ပြန်လည် တည်ဆောက်ရေးမှာ သိပ်ကိုကြီးမားတဲ့ တိုးတက်မှုတွေ တွေ့နေရပြီး ပျက်စီး ဆုတ်ယုတ်တဲ့ လက္ခဏာတွေထက် ဒူပေဒါပေ ခံနိုင်ရည်ရှိနေတဲ့ လက္ခဏာတွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။

သမ္မတက သူနဲ့ သူ့အစိုးရအဖွဲ့ဟာ ကက်ထရီနားဒဏ် ခံခဲ့ရတဲ့ ကမ်းရိုးတန်းဒေသ ပြန်လည်ထူထောင်ရေး ပြီးဆုံးသွားတဲ့အထိ ကမ်းရိုးတန်းဒေသနဲ့ နယူးအော်လင်းစ် လူထုနဲ့အတူ တသားတည်း ရှိနေမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကက်ထရီနား မုန်တိုင်းဒဏ်ကြောင့် ဇေဗီယာ တက္ကသိုလ်ဟာ ရေလွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာပါ။ ဒါပေမဲ့ မုန်တိုင်းအပြီး လေးလအကြာမှာတော့ စာသင်ခန်းတွေ ပြန်ပြီးဖွင့်နိုင်အောင် ကြိုးပမ်းခဲ့တာမို့ သမ္မတက တာဝန်ရှိသူတွေကို ချီးကျူးခဲ့ပါတယ်။

၂၀၀၅ ခုနှစ် သြဂုတ်လထဲမှာ တိုက်ခတ်ခဲ့တဲ့ ကက်ထရီနား မုန်တိုင်းဟာ လူပေါင်း ၁,၈၀၀ ကျော်ကို သေဆုံးစေခဲ့တဲ့အပြင် ရေကြီးမှုဒဏ်ကြောင့် ဒေသခံ ၁,၀၀၀,၀၀၀ ကျော်ကို အိုးအိမ်ရွှေ့ပြောင်း နေထိုင်စေခဲ့ပါတယ်။

XS
SM
MD
LG