သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား နဲ့ မြန်မာလွှတ်တော် အမတ်တွေ တွေ့ဆုံ


မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တပ်မတော် ဆိုတာ အရပ်သား အုပ်ချုပ်မှုအောက်မှာပဲ ရှိသင့်ပြီး - တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက်ကိုလည်း အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော် မှာ တွေ့ဆုံချိန် ပြောဆို သွားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ASEAN ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် နေပြည်တော် မှာ ရောက်ရှိနေ တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ NLD ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးနဲ့ နန်းဝဒီ ဟိုတယ်မှာ ၂ နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့-

ဒီတွေ့ဆုံမှုအတွင်း လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခ စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအထဲကမှ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေ တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ချိန်ခွင်လျှာ ညှိနှိုင်းဖို့အတွက် အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုတဲ့ အကြောင်း သတင်းထောက်တွေကို သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ပါတယ်။

“စစ်တပ်က သြဇာကြီးမားတဲ့ အဖွဲ့အစည်းတခု အဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရပ်ဘက်က ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မလဲ ဆိုတာတွေက မေးစရာတွေ ဖြစ်နေဆဲပါ။ ဒီလို အခြေအနေမျိုးတွေကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်က တခြား တိုင်းပြည် တော်တော် များများမှာလည်း တွေ့ခဲ့ရပြီးပါပြီ။”

ဒါ့အပြင် သမ္မတ အိုဘားမားက - ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း - မြန်မာနိုင်ငံရဲ့ အခြေအနေကို အင်ဒိုနီးရှားနိုင်ငံ နဲ့ ဥပမာပေးပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကို ပြောကြား ခဲ့တယ်လို့လည်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ် တဲ့ ဒေါ်ဖြူဖြူသင်း က အခုလို ပြောပြပါတယ်။

"တိုင်းရင်းသားအရေးကိစ္စတွေနဲ့ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းဖို့ လိုတဲ့ အကြောင်းပေါ့နော်။ ဒါကို မဖြေရှင်းဘူးဆိုရင် အခု အီရတ်တို့ ဘာတို့မှာ ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခလိုဟာမျိုးပေါ့နော်။ စစ် အကြီးမားဆုံးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အဲ့တာတွေကိုလည်း မြန်မြန်လေး ဖြေရှင်းဖို့ လိုတယ်ပေါ့နော်။ အဓိကကတော့ Constitution နဲ့ပတ်သက်ပြီး လူနည်းစုတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပေးသင့်ပေးထိုက် တာတွေကို ပေး လျှော့သင့် တာတွေပေါ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချပြီးတော့ ဥပဒေပြဋ္ဌာန်းမှုတွေ လုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ ဒါမျိုးတွေ ပြောသွားပါတယ်။ အဓိကကတော့ ပြောင်းရမယ့် ကိစ္စတွေ၊ လုပ်ရမယ့် ကိစ္စတွေ သူတို့နိုင်ငံနဲ့ယှဉ်တယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ယှဉ်ပြီးတော့ ပြောသွားပါတယ်။ တဖြေးဖြေးနဲ့ မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို အတုယူပြီးတော့ လုပ်သွားမယ်ဆိုရင် အောင်မြင်နိုင်မယ်ပေါ့နော်။ "

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ - လက်ရှိ လွှတ်တော်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးကိစ္စတွေ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမားကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာ့ပြုပြင်ပြောင်း လဲရေး နှေးကွေး လာတာနဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခက်အခဲတွေ ကိုလည်း သမ္မတ အိုဘားမားကို ပြောပြခဲ့ကြသလို၊ တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေထဲက ရှမ်းတိုင်းရင်းသား ဒီမိုကရက်ပါတီ (SNDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ -

" ကျနော်အနေနဲ့ကတော့ ကနေ့ ကျနော်တို့ နိုင်ငံမှာ အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာက ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့။ အဲ့ဒီ့အတွက်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ရဖို့အတွက်ကို အစိုးရကရော လွှတ်တော်ကရော အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အကြောင်းပေါ့နော်။ အဲ့တော့အပစ်အခတ်ရပ်စဲရေး ရပြီးလို့ရှိရင်တော့ နိုင်ငံရေးဆွေးနွေးပွဲကို ထပ်သွားမှာဖြစ်တဲ့ အကြောင်း၊ အဲ့ဒီ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်သင့်ပြင်ထိုက် တာကို ပြင်ရမယ်ဆိုတဲ့အကြောင်း အထူးသဖြင့် ကတော့ ကျနော်တို့ ပုံစံအားဖြင့် ပြည်ထောင်စု စနစ်ဖြစ်ပေမဲ့ လက်တွေ့ အားဖြင့် ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေမှာ ရထားတဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့် အာဏာတွေက သိပ်နည်းနေတဲ့ အကြောင်း ဒါကြောင့်မို့လို့ အဲ့တာတွေကို သင့်တော်စွာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရမယ်ဆိုတဲ့ အကြောင်း အဲ့တာကို ကျနော့်အမြင် ဆွေးနွေးခဲ့တယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း - ဘာသာရေး အမြင်မတူတာတွေ ရှိပေမဲ့ ရာဇဝတ်မှုကို ရာဇဝတ်အမှု အနေနဲ့ပဲ ကိုင်တွယ်ပြီး လူနည်းစုကို လူများစုက ဖိနှိပ်တာမျိုးတွေ မလုပ်သင့်တဲ့ အကြောင်းလည်း သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ မနက်ဖြန် သောကြာနေ့မှာတော့ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သီးခြားတွေ့ဆုံမှာဖြစ်သလို၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ Town-hall ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

XS
SM
MD
LG