အမေရိကန်ပြည်ထောင်စု၊ Louisiana ပြည်နယ်၊ Baton Rouge မြို့မှာ တနင်္ဂနွေနေ့က မျက်နှာဖုံးစွပ် သေနတ်သမားက မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ရဲအရာရှိ ၃ ဦး သေဆုံးသွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ Barack Obama က ပြစ်တင်ရှုံ့ချလိုက်ပြီး ဒီလိုမျိုးဖြစ်ရပ်တွေ မကြာခန ဖြစ်ပွားနေတယ်လို့ နိုင်ငံကို ရုပ်သံကနေတဆင့် ပြောကြားလိုက်ပါတယ်။
ဒါဟာ နိုင်ငံဝန်ထမ်းတွေအပေါ်၊ တရားဥပဒေစိုးမိုးမှုအပေါ်၊ အရပ်ဖက် လူမှုအသိုင်းဝိုင်းအပေါ် သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုတရပ် ဖြစ်တယ်လို့ ပြောဆိုလိုက်သလို အခုနောက်ဆုံး ဖြစ်ပွားတဲ့ အကြမ်းဖက်မှု နောက်ပိုင်းမှာ သဘောထား ကွဲလွဲစေတဲ့ အပြောအဆိုတွေ ရှောင်ကြင်ကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။
အစောပိုင်း ထွက်လာတဲ့သတင်းတွေကတော့ မသေချာသေးပေမယ့် သေနတ်သမား တဦး သေဆုံးပြီး ၄ ဦးမြောက် ရဲအရာရှိဟာလည်း စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတာကြောင့် ဒေသတွင်း ဆေးရုံကို ပို့ထားတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူဟာ တဦးထက် ပိုနိုင်တယ်လို့ ဆိုပေမဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ ပစ်ခတ်သူ တဦးတည်း ဖြစ်နိုင်ကြောင်း နောက်ပိုင်းမှာ ပြည်နယ်ရဲမှုးကြီး Mike Edmonson က သတင်းထောက် တွေကိုပြောပါတယ်။
မကြာသေးခင် သီတင်းပတ်အတွင်း ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုတွေရဲ့ ဒဏ်ရာတွေ ပျောက်ကင်းအောင် လုပ်ဆောင်ဖို့နဲ့ ညီညွတ်မှု လိုအပ်နေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဟာ ပြောမပြနိုင်အောင် ဆိုးရွားပြီး တရားနည်းလမ်း မကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Louisiana ပြည်နယ် အုပ်ချုပ်ရေးမှူး John Bel Edwards က ပြောပါတယ်။
Baton Rouge ရဲဌာနချုပ်နဲ့ ၂ ကီလိုမီတာ လောက်ဝေးတဲ့ အခင်းဖြစ်တဲ့နေရာ တဝိုက်က ကောင်းကင်မှာ ရဟတ်ယာဉ်တွေလည်း ဝဲပျံနေတယ်လို့ ဆိုပါတယ်။ မနက် ၉ နာရီက ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုအပြီး ၅ နာရီလောက် ကြာလာတဲ့အထိ ရဲအရာရှိတွေကို အခုလို ပစ်ခတ်မှုဟာ ရဲက တားဆီးတဲ့အချိန်မှာဖြစ်တာလား၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာလားဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။
Baton Rouge မြို့ဟာ ဇူလိုင်လ ၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အာဖရိကန်-အမေရိကန်လို့ခေါ်တဲ့ လူမဲ Alton Sterling သေဆုံးခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။