သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ဒီမိုကရေစီဖော်ဆောင်မှု အမေရိကန်ထောက်ခံအားပေး


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အင်္ဂါနေ့ညက ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ နိုင်ငံခြားရေးရာနဲ့ ပတ်သက်လို့လည်း ထည့်သွင်းပြောသွားပါတယ်။

al-Qaida တို့ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ အာဖဂန်နစ္စတန်ကစစ်ပွဲ၊ အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းရေးနဲ့ အီရန်နိုင်ငံအပေါ် နောက်ထပ် အရေးယူမှုတွေ မလုပ်ရေး ကိစ္စတွေကို အဓိကထား ပြောကြားသွားပါတယ်။

ဒီမိုကရေးစီ ဖော်ဆောင်ရေးအတွက် အမေရိကန်က ထောက်ခံမှု ပေးတဲ့
အကြောင်း ပြောရာမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်း ပြောကြားသွားပါတယ်။ အခုလို သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲက နိုင်ငံခြားရေးရာနဲ့ ပတ်သက်ပြီး မစုမြတ်မွန်က ကောက်နှုတ်တင်ပြထားပါတယ်။

အီရန်နိုင်ငံကနေ ဆီးရီးယားနိုင်ငံအထိ နိုင်ငံခြားရေး စိန်ခေါ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာပြီး ကျင့်ဝတ်သိက္ခာရှိမှုအပေါ် အခြေခံတဲ့ သံခင်းတမန်ခင်း လိုအပ်တယ်လို့ အမေရိကန်သမ္မတ Barack Obama နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေအပေါ် အမေရိကန်က ထောက်ခံနေလို့ ပြောရာမှာ
လည်း မြန်မာနိုင်ငံကိုပါ ထည့်သွင်း ပြောသွားပါတယ်။

“တူနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံအထိ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက်ကို ခက်ခက်ခဲခဲ ကြိုးစားချင်တဲ့ နိုင်ငံတွေအပေါ် ကျနော်တို့က ထောက်ခံ ကူညီနေပါတယ်။ ယူကရိန်းနိုင်ငံမှာ လူတိုင်းဟာ သူတို့ရဲ့အမြင်ကို လွတ်လပ်ငြိမ်းချမ်းစွာ ဖော်ထုတ်နိုင်ခွင့်နဲ့ သူတို့နိုင်ငံရဲ့ အနာဂတ်အတွက် ပြောပိုင်ခွင့်ရှိတယ်ဆိုတဲ့ မူကို ကျနော်တို့က ထောက်ခံပါတယ်။ အာဖရိကတိုက်တဝှမ်းမှာလည်း စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေနဲ့ လက်တွဲပြီး လျှပ်စစ်ဓာတ်အား ရရှိနိုင်သူတွေ ၂ ဆတိုးအောင်နဲ့ အလွန်အမင်း ဆင်းရဲမွဲနေမှု အဆုံးသတ်အောင် ကူညီပေးနေပါတယ်။ အမေရိကတိုက်မှာဆိုရင်လည်း စီးပွားရေးအရ ဆက်ဆံရေးသစ်တွေကို တည်ဆောက်နေသလို လူငယ်တွေကြား ယဉ်ကျေးမှုနဲ့ ပညာဖလှယ်ရေး အစီအစဉ်တွေကို တိုးချဲ့လုပ်နေပါတယ်။ အာရှ-ပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးအပေါ်မှာလည်း ဆက်ပြီး အာရုံစိုက်သွားမှာပါ။ ဒေသတွင်းက ကျနော်တို့ရဲ့ မဟာမိတ်တွေ ပိုမိုလုံခြုံပြီး ကြွယ်ဝတဲ့အနာဂတ် ဖော်ဆောင်ရေး
ကို ပံ့ပိုးကူညီမှာဖြစ်သလို ဖိလစ်ပိုင်တုန်းကလို သဘာဝဘေးဒဏ် ခံရတဲ့နိုင်ငံတွေကို ကူညီသွားမှာပါ။”

အမေရိကန်နဲ့ ဥရောပရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ခိုင်မာနေတယ်လို့လည်း သမ္မတအိုဘားမားက ပြောကြားသွား
ပါတယ်။ အီရန်နိုင်ငံက နျူကလီးယားအစီအစဉ် အဆုံးသတ်ရေးနဲ့ ပတ်သက်လို့လည်း သံတမန်ရေးနည်း နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူတဲ့နည်းတွေက အောင်မြင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ အီရန်နဲ့ ဆွေးနွေးမှုတွေ လမ်းလွဲသွားစေနိုင်တဲ့ နောက်ထပ် အရေးယူမှုသစ်တွေ လွှတ်တော်က လုပ်ခဲ့မယ်ဆိုရင်တော့ Veto အာဏာသုံး ပယ်ချမယ်လို့ ပြောကြားခဲ့ပါတယ်။

“John F Kennedy နဲ့ Ronald Reagan တို့တောင် ဆိုဗီယက်ပြည်ထောင်စုနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်ဆိုရင် ယုံကြည်မှု အပြည့်အဝရှိနေတဲ့ အမေရိကန်က ဒီကနေ့မှာ ကိုယ့်လောက်အင်အားမရှိတဲ့ ရန်သူတွေနဲ့ ညှိနှိုင်းနိုင်မှာ သေချာပါ
တယ်။”

အမေရိကန်ရဲ့ နောက်ထပ် သံတမန်ရေးအရ အားထုတ်မှုတွေထဲမှာ
နျူကလီးယား ပစ္စည်းတွေ အကြမ်းဖက်သူတွေရဲ့ လက်ကို မရောက်စေဖို့၊ ဆီးရီးယားက ဓာတုလက်နက်တွေ ရှင်းလင်းဖို့ ပါဝင်တယ်လို့ ပြောကြားသွားခဲ့
ပါတယ်။ အမေရိကန်တပ်တွေ လွှတ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့လည်း -

“စစ်သေနာပတိချုပ် တယောက်အနေနဲ့ အမေရိကန်လူမျိုးတွေကို ကာကွယ်ဖို့ လိုအပ်လာရင် တပ်တွေကို ကျနော်သုံးပါတယ်။ ကျနော် သမ္မတတာဝန်ယူထားသရွေ့ ဒီလိုလုပ်ဖို့လည်း ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ့်ကို မလိုအပ်ဘဲနဲ့တော့ ကျနော်တို့ရဲ့ တပ်တွေကို အန္တရာယ်ဖြစ်စေတဲ့ အခြေအနေထဲ ပို့မှာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ သားတွေ သမီးတွေကို အဆုံးမရှိတဲ့ စစ်ပွဲထဲမှာ ပါဝင်ခွင့်လည်း ပေးမှာမဟုတ်ပါဘူး။ လိုအပ်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ရပါမယ်။ ကျနော်တို့ရဲ့ ကြံ့ခိုင်မှုကို လျော့နည်းစေပြီး အစွန်းရောက်မှုတွေ ဖြစ်စေတဲ့ တပ်အင်အား အမြောက်အများချတာမျိုး၊ အကြမ်းဖက်သမားတွေဘက်က ဖြစ်စေချင်သလိုမျိုး လုပ်မှာတော့ မဟုတ်ပါဘူး။”

အမေရိကန်နဲ့ အာဖဂန်နစ္စတန်တို့ ညှိနှိုင်းထားတဲ့ လုံခြုံရေးသဘောတူညီမှုကို အာဖဂန်အစိုးရက လက်မှတ်ထိုးခဲ့ရင် ဒီနှစ်ကုန် အာဖဂန်ထဲကနေ နိုင်ငံတကာ တိုက်ခိုက်ရေးတပ်တွေ ရုပ်သွားပြီးရင်တောင် ကျန်သမျှ al-Qaida အကြွင်းအကျန်တွေကို ရှင်းလင်းဖို့နဲ့ အာဖဂန်တပ်တွေကို သင်တန်းတွေပေးဖို့ အမေရိကန်တပ်တချို့ ဆက်လက်ထားရှိမယ့် အစီအစဉ်ကိုလည်း သမ္မတက ပြောကြားပါတယ်။

အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို ဖမ်းဆီးထားတဲ့ Guantanamo Bay အကျဉ်းထောင်ကို ပိတ်ပြစ်ဖို့အတွက် လွှတ်တော်ကနေ ဥပဒေအတည်ပြုပေးဖို့ အတွက်ကိုလည်း Capitol Hill လွှတ်တော်ခန်းမမှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ သမ္မတ အိုဘားမားက တောင်းဆိုသွားပါတယ်။
XS
SM
MD
LG