သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ ဦးသိန်းစိန် မလေးရှားမှာ တွေ့ဆုံ


(Credit: Ye Htut's Facebook)
(Credit: Ye Htut's Facebook)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီးညီလာခံမှာ စနေနေ့က အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ခဏတာ တွေ့ဆုံပြီး - ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုခဲ့ကြ တယ်လို့ မြန်မာသမ္မတရုံးရဲ့ ပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြောဆိုမှု အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

အလားတူ သမ္မတ ဦးသိန်းစိန်ဟာ - ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ - အာဆီယံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံ ဘေးပန်းမှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေး မြန်မာအစိုးရကို ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ - ပြုပြင်ပြောင်းလဲမှု ရလဒ်အနေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းမှာလည်း အိမ်ရှင်ဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က - မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲ တွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် အာဆီယံအသင်းကြီးအနေနဲ့ ချီးကျူးခဲ့ပြီး၊ မြန်မာနိုင်ငံသာမက ဒေသတခုလုံး တည်ငြိမ်ရေးနဲ့ တိုးတက်ရေး အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုတွေ ကို မလေးရှားက ဆက်လက် အားပေး သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ အမေရိကန်၊ ရုရှား၊ သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့ ပါဝင်တဲ့ အရှေ့အာရှနိုင်ငံများရဲ့ ထိပ်သီးညီလာခံကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ပထမနေ့ ဆွေးနွေးပွဲတွေကို စနေနေ့က စတင် ကျင်းပခဲ့တာပါ။ တနေကုန် ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပြီးနောက် မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က ညီလာခံတက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို ရိုးရာ အဆိုအကတွေ ပါဝင်တဲ့ Gala ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG