သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် အရှေ့တောင်အာရှ YSEALI လူငယ်ခေါင်းဆောင်တွေနဲ့ အိုဘားမားတွေ့ဆုံ


အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေ တက်ဖို့အတွက် လာအိုနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ စက်တင်ဘာလ ၇ ရက်နေ့က လာအိုရှေးဟောင်းမြို့တော် Luang Prabang မှာ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်မှာ ပါဝင်တဲ့ လူငယ်တွေနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ကျင်းပခဲ့တာမှာ အနာဂတ်ကမ္ဘာကို ဦးဆောင်ကြမယ့် လူငယ်တွေရဲ့ ပညာအရည်အချင်း မြင့်မားရေးဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

သမ္မတ Barack Obama ဟာ သူ ဦးဆောင် ဖွဲ့စည်းထားတဲ့ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်က မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေနဲ့ လာအိုနိုင်ငံ Luang Prabang မြို့မှာ ဗုဒ္ဓဟူးနေ့က ရင်းနှီးစွာ တိုက်ရိုက် တွေ့ဆုံခဲ့တာမှာ အနာဂတ်မှာ အာရှတိုက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး ဒေသဖြစ်လာမှာ ဖြစ်တဲ့အတွက်လည်း လူငယ်ခေါင်းဆောင် အစီအစဉ်မှာ ပါဝင်သူတွေအနေနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍတွေမှာ ဦးဆောင် လမ်းပြနိုင်သူတွေဖြစ်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်း ပြောကြားသွားပါတယ်။

အရှေ့တောင်အာရှတိုက်အတွင်း လူငယ် လူဦးရေ အများအပြား ရှိနေတာနဲ့ အနာဂတ်မှာ အာရှတိုက်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ တခြားဒေသတွေထက် မြင့်မားပြီး အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်တဲ့ အလားအလာ ရှိတယ်လို့ သမ္မတ အိုဘားမားအစိုးရက ယူဆထားတာကြောင့် အာဆီယံ ၁၀ နိုင်ငံက အလားအလာရှိတဲ့ လူငယ်တွေကို စုစည်းပြီး လူငယ်ခေါင်းဆောင် အစီအစဉ်ကို သမ္မတ အိုဘားမားက လွန်ခဲ့တဲ့ ၃ နှစ်၊ ၂၀၁၃ ခုနှစ်တုန်းက စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ တိုင်းပြည်ခေါင်းဆောင်တွေက နိုင်ငံရဲ့အခြေခံ အုတ်မြစ်တွေကို အခုချိန်မှာ ချမှတ်ပေးတာမှန်ပေမဲ့လည်း အနာဂတ်ကို အကောင်အထည်ဖော်မယ့်သူတွေဟာ ဒီအခမ်းအနားကို တက်လာကြတဲ့သူတွေလို လူငယ်တွေသာဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

“သမ္မတတွေ၊ ဝန်ကြီးချုပ်တွေက အခြေခံအုတ်မြစ်တွေကို ချပေးတယ်ဆိုပေမဲ့လည်း ခင်ဗျားတို့လို လူငယ်တွေကသာ ဒီဒေသကြီးနဲ့ ကမ္ဘာကြီးတခုလုံးရဲ့ အနာဂတ်ကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။ ဒီအရှေ့တောင် အာရှတိုက်မှာဆိုရင် လူဦးရေ ၃ ပုံ ၂ ပုံဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားကြသူတွေ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာဆိုရင်လည်း တိုင်းပြည်ရဲ့ လူဦးရေ ထက်ဝက်ဟာ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ မွေးဖွားကြသူတွေ ဖြစ်ပါတယ်။ ကျနော်သွားခဲ့တဲ့ ရန်ကုန်၊ ဟိုချီမင်းစီးတီး၊ ဂျကာတာ စတဲ့ ဒေသစုံမှာဆိုရင်လည်း စိတ်ဓာတ် ခွန်အားတွေ၊ ယုံကြည်မှုတွေ အပြည့်အဝရှိကြတဲ့ လူငယ်တွေကို ကျနော် တွေ့ခဲ့ရပါတယ်။ လူငယ်တွေဟာ ပဋိပက္ခတွေကို စစ်တိုက်ပြီး ဖြေရှင်းမယ့်အစား သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြတာကိုလည်း ကျနော် တွေ့ရပါတယ်။ စွန့်ဦးတီထွင် လုပ်ကိုင်တဲ့နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလိုတဲ့ စိတ်ဓာတ်၊ အကျင့်ပျက် ခြစားမှုကို မနှစ်မြို့တဲ့ စိတ်ဓာတ်တွေ ရှိတာကြာတာကိုလည်း ကျနော် တွေ့ခဲ့ရပါတယ်။ ခင်ဗျားတို့ မျိုးဆက်ဟာ ပညာအတတ်ဆုံး မျိုးဆက်ဖြစ်တဲ့အပြင် တယ်လီဖုန်းကတဆင့် ကမ္ဘာကြီးနဲ့ အချိန်ပြည့် ထိတွေ့ ဆက်ဆံနိုင်ကြတဲ့အတွက်လည်း အရင်ဘယ်မျိုးဆက်နဲ့မှမတူပဲ ခင်ဗျားတို့ဟာ အနာဂတ်ကို ကြိုက်သလို ဖန်တီးခွင့် ရှိကြပါတယ်။”

YSEALI လူငယ်ခေါင်းဆောင်တွေထဲက အတုယူ စံထားထိုက်တဲ့ ခေါင်းဆောင် ၂ ဦး အကြောင်းကိုလည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့တာမှာ ထိုင်း - မြန်မာ နယ်စပ်က လီဆူးတိုင်းရင်းသူ မီမီစေဂျူးဟာလည်း တဦး အပါအဝင် ဖြစ်ပါတယ်။

“YSEALI လူငယ် ၂ ဦးရဲ့ ဘဝဇာတ်ကြောင်းဟာ ကျနော့်အတွက် အတုယူ စံထားထိုက်တဲ့သူတွေ ဖြစ်တဲ့အတွက် ခင်ဗျားတို့အတွက်လည်း အလားတူ စံထားထိုက်မယ်လို့ ထင်တဲ့ သူ ၂ ဦး အကြောင်းကို ပြောပြချင်ပါတယ်။ ပထမ ပြောပြချင်တဲ့သူကတော့ မီမီစေဂျူး ဖြစ်ပါတယ်။ မီမီဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လီဆူးကျေးရွာတရွာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ YSEALI လူငယ်ခေါင်းဆောင် အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ Montana ပြည်နယ်ကို သူရောက်တဲ့အချိန်တုန်းက၊ အဲဒီမှာ ရှိနေကြတဲ့ ဌာနေ အမေရိကန် တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီလူတွေရဲ့ အတွေ့အကြုံတွေကို လေ့လာကြည့်ရင်း သူမလူမျိုးတွေရဲ့ အခြေအနေကို ပြန်ပြောင်း သတိရသွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်က လူနည်းစု ဌာနေတိုင်းရင်းသားတွေ လုပ်နေလုပ်ကြတဲ့ နည်းလမ်းကို အတုယူပြီး လီဆူးယဉ်ကျေးမှု အမွေအနစ် ထိန်းသိမ်းရေးဌာနကို ချင်းမိုင်မြို့မှာ စတင် တည်ထောင်လိုက်ပါတယ်။ အဲဒီမှာ လီဆူးအမျိုးသမီးတွေလုပ်တဲ့ လက်မှုပစ္စည်းတွေကို ရောင်းချပါတယ်။ ဒီနည်းနဲ့ သူမရဲ့ လီဆူးတိုင်းရင်းသားတွေ ဝင်ငွေရကြသလို ကိုယ့်ယဉ်ကျေးမှုကိုလည်း တပါတည်း ထိန်းသိမ်းထားပြီး ဖြစ်သွားစေပါတယ်။”

သမ္မတ အိုဘားမား စံပြအဖြစ် ထည့်သွင်း ပြောကြားသွားတဲ့ နောက်တဦးကတော့ အင်ဒိုနီးရှားနိုင်ငံသူ ဒီစာ အာဒါနီးစား ဖြစ်ပါတယ်။ YSEALI အစီအစဉ်ကတဆင့် ဆွံ့အနားမကြားသူတွေ အသုံးပြုတဲ့ လက်ဟန် အမူအယာနဲ့ စကားပြောနည်းကို သူမကိုယ်တိုင် သင်ကြားပြီးတဲ့နောက် ဂျကာတာမြို့မှာ စားသောက်ဆိုင်ဖွင့်ပြီး အဲဒီ လက်ဟန် အမူအယာနဲ့ စကားပြောသူတွေကို အလုပ်ခန့်ပေးခဲ့တာမှာ အခုဆိုရင် အဲဒီ စားသောက်ဆိုင်က အရမ်းကို အောင်မြင်တဲ့ စားသောက်ဆိုင်တခု ဖြစ်နေတဲ့အကြောင်းကို သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

အနာဂတ်အတွက် အာရှလူငယ်တွေရဲ့ အခန်းကဏ္ဍ အရေးပါတဲ့အကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့တဲ့ တချိန်ထဲမှာပဲ အာဆီယံ ၁၀ နိုင်ငံက တက်လာကြတဲ့ YSEALI လူငယ်တွေ မေးတဲ့ မေးခွန်းတွေကိုလည်း စိတ်ရှည် လက်ရှိ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက YSEALI လူငယ်ခေါင်းဆောင်တဦးဖြစ်သူ ဦးပဇင်း ခေစရကလည်း သမ္မတ အိုဘားမားကို ဒီအခမ်းအနားမှာ မေးခွန်း မေးခွင့် ရခဲ့ပါတယ်။

“အရှင်ခေစရကတော့ ၃ နှစ်သက်တမ်းရှိလာပြီဖြစ်တဲ့ YSEALI အစီအစဉ်က သမ္မတ အိုဘားမားရဲ့ ဒုတိယ သမ္မတသက်တမ်းနဲ့ အမေရိကန်အစိုးရအပေါ် အကောင်းဆုံး ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့သလဲလို့ မေးတာမှာ -

“သမ္မတ အိုဘားမားက - အကောင်းတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် သူ့အနေနဲ့ အကောင်းဆုံး တခုရယ်လို့ ရွေးချယ်ဖို့ ခက်ခဲနေကြောင်း၊ အခုကျင်းပတဲ့ တွေ့ဆုံပွဲမှာတင် ကောင်းတယ်လို့ ယူဆရတဲ့ အစီအစဉ်နဲ့ နမူနာတချို့ကို ကြားသိခဲ့ရပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။”

အိမ်ရှင် လာအိုနိုင်ငံက လူငယ်တဦးက အာဆီယံနိုင်ငံတွေအတွက် ပြုပြင်ပြောင်းလဲမှု တခု လုပ်ရမယ်ဆိုရင် ဘယ်အချက်ဟာ အရေးအပါဆုံး ဖြစ်မလဲလို့ မေးတဲ့အခါမှာတော့ လူငယ်တွေ ပညာအရည်အချင်း မြင့်မားရေး လုပ်ဆောင်ဖို့ဟာ အရေးအကြီးဆုံး အချက်ဖြစ်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း သမ္မတ အိုဘားမားက ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကျနော့်အနေနဲ့ ပြုပြင်ပြောင်းမှု တခုလုပ်ရမယ်ဆိုရင်တော့ လာအိုနိုင်ငံတင်မကပဲ အာဆီယံ အဝန်းအဝိုင်း တခုလုံးမှာ ရှိနေကြတဲ့ လူငယ်တွေရဲ့ ပညာအရည်အချင်း မြင့်မားအောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။ ကျနော် အစောပိုင်းက ပြောခဲ့သလို ဒီနေရာမှာ ယောကျ်ားတွေတင်သာမကပဲ မိန်းကလေးတွေရဲ့ ပညာအရည်အချင်း မြင့်မားလာအောင်ပါ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ အောင်မြင်နေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင်၊ ဥပမာ အာဆီယံအဖွဲ့ထဲမှာပဲ ကြည့်ကြမယ်ဆိုရင်၊ လူနေမှုအဆင့်အတန်း အမြင့်မားဆုံးဟာ စင်္ကာပူနိုင်ငံဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင်လည်း၊ သယံဇာတလည်း မရှိဘူး၊ ဆိပ်ကမ်းတွေတော့ ရှိပါတယ်၊ တိုင်းပြည်ကလည်း အကြီးကြီး မဟုတ်ဘူး၊ ဒါပေမဲ့ စီးပွားရေးအရ အင်မတန် အောင်မြင်တဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံရဲ့ ပညာအရည်အချင်းက မြင့်မားတယ်။ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ပညာတတ်တဲ့၊ သူတို့ကုမ္ပဏီတွေအတွက် အလုပ်အဆင့်သင့် ခန့်လို့ရနိုင်မယ့်သူတွေရှိတဲ့ တိုင်းပြည်မှာပဲ ရင်းနှီးမြုပ်နှံလိုကြမှာ ဖြစ်ပါတယ်။”

ပညာအရည်အချင်းလို့ ဆိုတဲ့နေရာမှာ သူ့အနေနဲ့ တက္ကသိုလ်ဘွဲ့တွေကိုပဲ ရည်ညွန်း ပြောဆိုတာမဟုတ်ဘဲ၊ ဘာသာရပ်တခုခုမှာ ကျွမ်းကျင်တာအပြင် အသက်မွေးဝမ်းကျောင်းလို့ ရနိုင်တဲ့ တခြား လက်မှုပညာတွေလည်း ပါဝင်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

လူတဦးချင်းစီက ကမ္ဘာကြီးတခုလုံးကို အကျိုးရှိစေမယ့် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ကြောင်း၊ ဒါကြောင့်လည်း YSEALI လူငယ် ခေါင်းဆောင်တွေအနေနဲ့ ပြောင်းလဲမှု ဖြစ်ပေါ်အောင် ဦးဆောင် လုပ်ကိုင်လိုတဲ့ လူငယ်တွေ ဖြစ်လာဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားက အလေးပေး ပြောကြားခဲ့ပါတယ်။

အခု လာအိုနိုင်ငံမှာ ကျင်းပတဲ့ YSEALI လူငယ်ခေါင်းဆောင်အဖွဲ့ဝင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အမေးအဖြေ ပြုလုပ်တဲ့ အစီအစဉ်လို သမ္မတ အိုဘားမား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို သွားရောက်စဉ် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း ပြုလုပ်ခဲ့ပါတယ်။ အလားတူပဲ သမ္မတ အိုဘားမား အာဆီယံနိုင်ငံတွေကို သွားရောက်တိုင်းမှာ အခုလို လူငယ်တွေနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။

၂၀၁၃ ခုနှစ်မှာ လူငယ်တချို့အတွက်ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တဲ့ ဒီ YSEALI လူငယ်ခေါင်းဆောင် အစီအစဉ်မှာ အခုဆိုရင် အာဆီယံ ၁၀ နိုင်ငံက လူငယ်ပေါင်း တသိန်းကျော်ဟာ ဒီအဖွဲ့နဲ့ ကွန်ယက်သဖွယ် ချိတ်ဆက် ဆောင်ရွက်နေကြပြီဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြေကြားခဲ့ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG