သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဥပဒေ သမ္မတအိုဘားမား လက်မှတ်ရေးထိုး

ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်နေတာတွေနဲ့ သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို လျစ်လျူရှုထားတဲ့ အစိုးရတွေကို အမေရိကန်အစိုးရက ထိထိရောက်ရောက် ဖော်ထုတ်ဆောင်ရွက်သွားမယ့် ဥပဒေတရပ်ကို သမ္မတအိုဘားမား (President Obama) က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီ ဥပဒေကို Daniel Pearl သတင်းလွတ်လပ်ခွင့် အက်ဥပဒေ လို့ ခေါ်ဆိုပြီး အမေရိကန်လွှတ်တော်က ပြီးခဲ့တဲ့လက အတည်ပြုပေးခဲ့တာပါ။

ပါကစ္စတန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်က အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲ၊ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ Wall Street Journal သတင်းစာရဲ့ သတင်းထောက် Daniel Pearl ကို ဂုဏ်ပြုတဲ့အနေနဲ့ Daniel Pearl အက်ဥပဒေလို အမည်ပေးခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗီအိုအေ သတင်းထောက် Dan Robinson သတင်းပေးပို့တာကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ သတင်းလွတ်လပ်ခွင့် အခြေအနေကို အသေးစိတ်ထည့်သွင်းဖို့ နဲ့ ကမ္ဘာပေါ်က ဘယ်အစိုးရတွေက သတင်းလွတ်လပ်ခွင့်ကို ဘယ်လောက် အတိုင်းအတာထိ ထောက်ခံအားပေးသလဲ။ ဒါမှမဟုတ် ဘယ်အစိုးရတွေက သတင်းလွတ်လပ်ခွင့်ကို အမှန်တကယ် ချိုးဖောက်နေသလဲ ဆိုတာတွေကို ထည့်သွင်းဖော်ပြဖို့ ကို ဒီဥပဒေက ညွန်ကြားထားပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ တခြားအစိုးရတွေရဲ့ သတင်းမီဒီယာ လွတ်လပ်မှု နဲ့ လုံခြုံမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ဆောင် နေတာနဲ့ သတင်းထောက်တွေကို တိုက်ခိုက်တာ၊ ဒါမှမဟုတ် သတ်ဖြတ်တဲ့လူတွေကို သေချာပေါက် အရေးယူနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့ ခြေလှမ်းတွေကို အမေရိကန်ပြည်ထောင်စု စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

သမ္မတအိုဘားမားက ဒီဥပဒေကို အိမ်ဖြူတော်က သူ့ရဲ့ရုံးခန်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီဥပဒေက သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက တန်းဖိုးထားမှုတွေကို အလေးအနက် ပြသလိုက်တာဖြစ်တဲ့အပြင်၊ ကမ္ဘာတဝှမ်း စွန့်စားမှုတွေ အကြီးအကျယ် လုပ်ဆောင်နေတဲ့ သတင်းထောက်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံလိုက်တာလည်း ဖြစ်ပါတယ်။

သိပ်သတ္တိရှိတဲ့ သတင်းထောက်တွေ နဲ့ ဘလော့ဂါတွေ ဟာ သူတို့ဘဝတွေကို စွန့်စားမှုတွေလုပ်ပြီး၊ သူတို့ရဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ပြဿနာရပ်တွေကို ဖော်ထုတ်ဖို့ကြိုးစားနေပါတယ်။ အဲဒီလူတွေဟာ ဖိနှိပ်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေလည်း ထိပ်တိုက် ရင်ဆိုင်နေရပါတယ်။

ဒီဥပဒေကို လက်မှတ်ထိုးတဲ့အခမ်းအနားမှာ Daniel Pearl ရဲ့ မိဘ နှစ်ပါး ဖြစ်တဲ့ Judea နဲ့ Ruth တို့အပြင်၊ သူ့ရဲ့ ဇနီး Mariane နဲ့ ညီမ နှစ်ယောက်လည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် Daniel Pearl ရဲ့ (၈) နှစ်အရွယ် သားငယ် Adam Daniel လည်း တက်ရောက်ခဲ့ပါတယ်။ Daniel Pearl ဟာ ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးတွေနဲ့ သက်ဆိုင်တဲ့ သတင်းပေးပို့နေစဉ်အတွင်း သတ်ဖြတ်ခံလိုက်ရတာာဖြစ်ပါတယ်။ အဲဒီနောက် (၃) လအကြာမှ သူ့ရဲ့ သားကို မွေးခဲ့တာဖြစ်ပါတယ်။

Daniel Pearl သတင်းလွတ်လပ်ခွင့် အက်ဥပဒေအရ၊ အစိုးရတွေ၊ စစ်တပ်တွေ၊ ထောက်လှမ်းရေးတွေ၊ ရဲတပ်ဖွဲ့တွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ လက်နက်ကိုင် အစွန်းရောက်တွေ နဲ့ သောင်းကျန်းသူအဖွဲ့စည်းတွေရဲ့ တိုက်ရိုက်ကိုယ်ထိလက်ရောက်တိုက်ခိုက်တာ၊ အကျဉ်းချတာ၊ သွယ်ဝိုက် ဖိအားပေးတဲ့နည်းတွေနဲ့ ဆင်ဆာဖြတ်တောက်မှု စတာတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့အကဲဖြတ်မှုတွေကို ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်။

Daniel Pearl ရဲ့ သေဆုံးမှုက သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးကို အပြင်းအထန် သတိပေးလိုက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

သတင်းလွတ်လပ်မှုဟာ ဘယ်လောက်ထိ အဖိုးတန်တယ်၊ ဒါ့အပြင် ကမ္ဘာတဝှမ်းက သတင်းထောက်တွေကို ရေငုံနှုတ်ပိတ်ဖို့အတွက် ဘာမဆိုလုပ်မယ့် လူတွေရှိတယ်ဆိုတာကို ဒီသေဆုံးမှုက ကျနော်တို့ကို အမှတ်ရစေပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တခြားအစိုးရတွေ ဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန်အစိုးရက သေချာ စောင့်ကြည့်နေတယ် ဆိုတာကို ဒီဥပဒေ အသိပေးလိုက်တာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ မြောက်ကိုရီးယား နဲ့ အီရန်နိုင်ငံတို့ဟာ သတင်း လွတ်လပ်ခွင့်မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိဖို့ အရေးပါပုံ နဲ့ ပတ်သက်ပြီး မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က အခုလို ပြောပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် မရှိခဲ့တာ မလွတ်လပ်ခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းက စပြီးတော့ ဖြစ်ခဲ့တာလေ။ ဆိုတော့ ဒီသတင်း လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီအခွင့်အရေးနဲ့လည်း အမြဲတမ်း ဆက်နွယ်နေတယ်ဆိုတော့ ဒီမိုကရေစီအတွက်ကလည်း သတင်းလွတ်လပ်ခွင့်က အင်မတန်အရေးကြီးသလို နိုင်ငံသားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ကိစ္စတွေ အားလုံးအတွက်လည်း သတင်းလွတ်လပ်ခွင့်က အင်မတန်မှ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလိုကာလမှာ သတင်းလွတ်လပ်ခွင့်က ပိုပြီးတော့အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ အခုရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်၊ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်လူတွေရဲ့ အကြောင်းရယ်၊ ရွေးကောက်ပွဲရဲ့ သဘောသဘာဝအကြောင်းရယ်၊ ဘယ်လောက်ထိ ဒီရွေးကောက်ပွဲဟာ ရိုးသားဖြောင့်မတ်မှုရှိတယ်၊ ပွင့်လင်းတယ် ဆိုတဲ့အကြောင်းကိုလည်းပဲ လူထုက သိသင့်သိထိုက်ပါတယ်။ အဲဒီလို သိရဖို့အတွက်ကတော့ သတင်းလွတ်လပ်ခွင့်မရှိရင် ဘယ်နည်းနဲ့မှ သိနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် သတင်းလွတ်လပ်ခွင့်ဟာ မရှိမဖြစ် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိဖို့ အရေးပါပုံ နဲ့ ပတ်သက်ပြီး မြန်မာသတင်းသမဂ္ဂ ဦးမောင်မောင်မြင့် ပြောသွားတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG