သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ပွဲအတွက် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ရောက်ရှိ


တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC
တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

အောက်တိုဘာ ၁၅ ရက်နေ့မှာ လုပ်မယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ တတ်ရောက်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်ရှိနေပါပြီ။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်း လေ့လာသူအဖြစ် တတ်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ အသိသက်သေအဖြစ်နဲ့ ပြည်တွင်း ပြည်ပ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားပေမယ့် ဖိတ်ကြားခံရတဲ့အထဲက အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ တတ်ရောက်ဖို့မရှိပါဘူး။ ဗွီအိုအေ ရန်ကုန်ရုံးက မမေခ စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

မနက်ဖြန်ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသား ခေါင်းဆောင် အချို့တက်ရောက်မှာမဟုတ်ပါဘူး။ ဘာကြောင့်မတက်သလဲဆိုတာကို ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှုး ရွှေမျိုးသန့်က ခုလိုပြောပါတယ်။

“မတက်ရောက်ရတဲ့အခြေအနေက ဒီလိုမျိုး။ ၁ အချက်က ကျနော်တို့က လက်မှတ်ထိုးဖို့ အခြေအနေက အဆင်သင့်မဖြစ်သေးဘူး။ နဂိုက ကျနော်တို့မျှော်လင့်ထားတာက ဒီလိုမျိုးတနိုင်ငံလုံး အပစ်အခက်ရပ်စဲရေးကိစ္စတွေဖြစ်တော့မယ်၊ လက်မှတ်ထိုးတော့မယ့်အခြေအနေရောက်ခါနီးနေပြီ၊ တိုင်းပြည်က လက်နက်ကိုင်တွေ ဆိတ်သုန်းသောနယ်မြေဖြစ်ရမယ် ကျနော်တို့က ဒီလိုယူဆတယ်။ ဒီလိုလည်းမြင်ချင်တယ်။ ဒီလိုပဲ ကြားချင်တယ်။ သို့သော်လည်း ကျနော်တို့မြင်ချင်၊ ကြားချင်သလိုမဖြစ်လာပဲနဲ့ ၊ ပွင့်ပွင့်လင်းလင်းပြောရင် ပိုတောင်ဆိုးသလိုဖြစ်လာတော့ ကျနော်တို့လက်မှတ်ထိုးဖို့ သွားတက်တယ်ဆိုလို့ရှိရင် တခြားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် မစာနာတဲ့အပြင်၊ ဒီတိုက်ပွဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကိုလည်း ကျနော်တို့ အားနာတယ်။”

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး၏ ကိုယ်စားပြု တဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) အဖွဲ့ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်ကလည်း NCA ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းမှာ တနိုင်ငံလုံးတွင် သေနတ်သံများတိတ်ပြီး တိုက်ပွဲများ ရပ်တန့်စေရန်နဲ့ တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးသည့် စာချုပ် ဖြစ်လာစေရန် မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာကြောင်း၊ ဒီ အတွက် NCA လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခွန်အားမရှိကြောင်းထုတ်ဖော်ပြောဆို ထားပါ တယ်။

ဒါအပြင် NCA စတင်ဖြစ်လာဖို့လုပ်ဆောင်ခဲ့တဲ့ NCCT(တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆိုင်ရာညှိုနှိုင်းရေးအဖွဲ့) ခေါင်းဆောင် တွေပါဝင်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီ(NMSP) တို့ဘက်ကလည်း တက်ရောက်မှာမဟုတ်ပါဘူး။

အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမယ့်NCA လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှာ မဟုတ်ဘဲ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပဲ လက်မှတ်ထိုးမှာပါ။

NCA စာချုပ်လက်မှတ်ထိုးတာနဲ့ပတ်သတ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှုး ရွှေမျိုးသန့်က ခုလိုပြောပါတယ်။

“စာချုပ်ထဲမှာပါတဲ့ လက်မှတ်ထိုးမယ့် အကြောင်းအရာကတွေက အင်မတန်လေးနက်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ အဲဒါကို နှစ်ဖက်စလုံးက ယုံယုံကြည်ကြည်နဲ့ တကယ်ပဲ ပြည်သူလူထုမျက်နှာကြည့်၊ တိုင်းပြည်မျက်နှာကြည့်ပြီးတော့ လုပ်ကြမယ်ဆိုရင်တော့ ဒါဟာ ကျန်နေတဲ့သူတွေအတွက်ကော သင်ခန်းစာဖြစ်ပြီးတော့ ဒါဟာ institution မှာ အလားအလာကောင်းဖြစ်မယ်။ သို့မဟုတ်ပဲနဲ့ ဒါကို အခွင့်အရေးတရပ်အနေနဲ့ပဲ အသုံးချမယ်ဆိုရင်တော့ ဒီတိုင်းပြည်အတွက် အလားအလာမကောင်းဘူး။ ဒီစာချုပ်ရဲ့ မှုရင်းအနှစ်သာရ ကိုယ်၌က တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပေါ်မှာ ဒီလိုကိစ္စမျိုးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေရှင်းခြင်းမလုပ်နိုင်ဘူးဆိုရင် ပြဿနာတွေကတော့ ဆုံးမယ်လို့မထင်ပါဘူး။ ရိုးသားစွာနဲ့ ဒီတိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဆွေးနွေးသင့်တဲ့၊ ပါဝင်သင့်တဲ့သူတွေအားလုံးနဲ့ ကျေကျေလည်လည် ဖြစ်ကြပြီးတော့မှ ဆက်သွားနိုင်မယ့်အဆင့်ရောက်လို့ရှိရင်တော့ ပိုကောင်းတာပေါ့နော်။”

NCA လက်မှတ်ထိုးပွဲကို အသိသက်သေတက်ရောက်တာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦးတို့က တိုင်းရင်းသား အားလုံးမပါဝင်နိုင်လို့ တက်ရောက်လက်မှတ်မထိုးပါဘူး။ အသိသက်သေနိုင်ငံတွေအနေနဲ့ UN၊ EU ၊ဂျပန်၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက တက်ရောက်မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက က ပြန်ကြားရေးတာဝန်ခံ ဦးလှမောင်ရွှေက ပြောပါတယ်။

NCA လက်မှတ်ထိုးပြီးပါက အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေပူးပေါင်းပြီး တပ်မတော်သားတွေလိုက်နာရမယ့်ကျင့်ဝတ် နယ်မြေပိုင်းခြားမှုတွေ လုပ်ဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်ဖို့မှာတိုင်းရင်းသားအားလုံး လက်မှတ်မထိုးနိုင်တဲ့ အတွက် ရေးဆွဲ ဖို့ အခက်တွေ့နိုင်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်နေကြပါတယ်။ ဒီအပေါ်မှာ NCA လက်မှတ်ထိုးမယ့် ချင်းအမျိုးသားတပ်ဦး က ခေါင်းဆောင် ပူးဇင်ကျုံးက ခုလိုပြောပါတယ်။

“ကျနော်တို့ ဒီကနေ့မှာတော့ရေးဆွဲမှာကတော့ တနိုင်ငံလုံး လွှမ်းခြုံတဲ့ code of conduct ကိုရေးဆွဲမှာဖြစ်ပါတယ်။ code of conduct ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ လောခီးလာညီလာခံမှာ အတည်ပြုပြီးသားလည်းဖြစ်ပါတယ်။ နောက် ဒီကနေ့ NCA ဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အတော်များများရဲ့ ထိပ်သီးအစီးအဝေးပွဲမှာ အတည်ပြုပြီးဖြစ်ပါတယ်။ နောက် ထပ်ထည့်တဲ့ ကိစ္စမျိုးရှိလာတယ်ဆိုရင်လည်း လက်တလော မလာနိုင်သေးတဲ့အဖွဲ့အစည်းတွေကို contact လုပ်ပါ့မယ်။ ကျနော်တို့ သူတို့နဲ့တိုင်ပင်ပြီးမှ အားလုံးသဘောတူတဲ့အနေအထားမျိုးဖန်တီးမှာပါ။ ဆိုတော့ သူတို့ပြန်လာမှ ဆွေးနွေးရမယ့် အနေအထားမျိုးမရောက်အောင် သူတို့အားလုံးပါဝင်လာတဲ့အချိန်မှာ ကျနော်တို့တခါတည်း တပြိုင်နက်တည်း အကျုံးဝင်သွားလို့ရတယ်။ ကျနော်တို့ အသုံးချလို့ရသွားတဲ့ အနေအထားမျိုးကို ဖန်တီးဖို့ ဒီကနေ့ ကျနော်တို့ စီစဉ်ထားတာဖြစ်ပါတယ်။

အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း မှာ နိုင်ငံရေး မူဘောင် ရေးဆွဲခြင်း၊ ရက်ပါင်း ၉၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်း ကိစ္စတွေလုပ်ဆောင်ရမှာဖြစ်ပေမယ့် NCA မှာ တိုင်းရင်းသားအားလုံးမပါသေးတာကြောင့် ဒီအပိုင်းတွေ လုပ်ဆောင်ဖို့ ခက်မယ်လို့ တိုင်းရင်းသားတွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG