သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ohio တက္ကသိုလ် အကြမ်းဖက်သမား ရိုဟင်ဂျာအရေး မကျေနပ်


အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ်၊ Columbus မြို့မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ဝင်းတစ်ခုအတွင်းမှာ ဆိုမာလီကျောင်းသားတဦးဟာ လမ်းလျှောက်နေတဲ့သူတွေကြားထဲကို ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက် ဓါးနဲ့ လိုက်ထိုးတဲ့အတွက် ၁၁ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

အဲဒီတိုက်ခိုက်သူကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ရမှာဖြစ်တဲ့အကြောင်း Columbus မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Kim Jacobs က ပြောပါတယ်။ တိုက်ခိုက်သူဟာ Abdul Razak Ali Artan လို့ခေါ်တဲ့ ပထမနှစ်ကျောင်းသားတဦးဖြစ်တဲ့အကြောင်း Ohio ပြည်နယ်တက္ကသိုလ်က ပြောပါတယ်။

သူဟာ အသက်၂၀ ဝန်းကျင်ဆိုမားလီးယားနွယ်ဖွား တဦးဖြစ်တယ်လို့ Columbus မြို့ခံတွေက ဗွီအိုအေ ဆိုမားလီးဌာနကို ပြောပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လက ထုတ်ဝေတဲ့ ကျောင်းသားတွေရဲ့ သတင်းစာထဲမှာတော့ ကျောင်းမှာ မူစလင်တွေ ဝတ်ပြုဆုတောင်းရာအခန်းမရှိတာနဲ့ ပတ်သက်လို့ Abdul Razak Ali Artan ဆိုတဲ့ နာမည်နဲ့ ရေးသားခဲ့ဖူးပါတယ်။

ဒါ့အပြင် အခုလို ဓါးနဲ့ မတိုက်ခိုက်ခင်ကလေးမှာပဲ သူ့ရဲ့ Facebook စာမျက်နှာလို့ယူဆရတဲ့နေရာမှာ ကမ္ဘာတစ်ဝှမ်း မူဆလင်တွေ အသတ်ခံရ၊ နှိပ်စက်ညှင်းပန်းခံနေရတဲ့အပေါ် သူ မကျေနပ်တဲ့သဘော ရေးထားသလို မြန်မာနိုင်ငံက မူဆလင်တွေရဲ့ အခြေအနေသတင်းတွေကို သူ ကြားရတဲ့အပေါ် မကျေနပ်တဲ့သဘောမျိုးလည်း ရေးထားတာကို ဗဟိုမှုခင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေကို ကိုးကားပြီး CNN သတင်းဌာနက ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အနေအထားထိမရှိခဲ့ဘူးလို့ ဆေးရုံက သတင်းထုတ်ပြန်ပါတယ်။ ဒုတိယမြောက် တိုက်ခိုက်သူတဦး ရှိနေသေးတယ်ဆိုတဲ့ ကောလာဟာလ သတင်းတွေ အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က တက္ကသိုလ်ဝင်းအတွင်း လိုက်လံ ရှာဖွေပြီးတဲ့နောက် တိုက်ခိုက်သူ တဦးထဲဖြစ်တယ်ဆိုတာ သိခဲ့ရကြောင်း တက္ကသိုလ် အကြီးအကဲ Michael Drake က ပြောပါတယ်။

Ohio တက္ကသိုလ် အကြမ်းဖက်သမား ရိုဟင်ဂျာအရေး မကျေနပ်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG