သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ရုံးကိစ္စ ပြန်ရှင်းပါ


OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး မြန်မာပြည်ထဲမှာ ဖွင့်ခွင့်မပြုဘူးလို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့ရာမှာ တရားဝင် အကြောင်းကြားစာ မရသေးတဲ့အပြင် အခုလို ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းခံစာတစ်စောင်ကိုလည်း မြန်မာအစိုးရထံ ပို့ထားတယ်လို့ OIC အဖွဲ့က ဆိုပါတယ်။

အဖွဲ့ဝင်ပေါင်း ၅၇ နိုင်ငံတဲ့ ဒီ OIC အစ္စလာမ်နိုင်ငံများအဖွဲ့ရဲ့ သတင်းပြန်ကြားရေးဌာနက မစ္စ် မဟာ ရက်ခီးက ရခိုင်ပြည်က ဒုက္ခသည်တွေကို ကူညီရေး အတွက် ရုံးဖွင့်ဖို့ကို ပြီးခဲ့တဲ့လကပဲ မြန်မာ အစိုးရနယ်စပ်ဝန်ကြီးနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့တာကြောင့် အခုလို ဖျက်သိမ်း လိုက်တာကိုလည်း ရှင်းပြဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုလိုက်တာပါ။

မစ္စ် မဟာကပဲ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း လေ့လာရေး ကိုယ်စားလှယ် အဖွဲ့ သံအမတ်ကြီးတို့ကြား စက်တင်ဘာလက နားလည်မှုစာချွန်လွှာ လက်မှတ် ထိုးရာမှာ ရန်ကုန်နဲ့ စစ်တွေ မြို့ကြီးတွေမှာ ဆက်သွယ်ရေးရုံးဖွင့်ဖို့ကိုလည်း ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲက ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေ မြို့ကြီးတွေ အပါအဝင် မြို့ကြီးတချို့မှာ OIC ရုံးဖွင့်ရေးကိုဆန့်ကျင်တဲ့ သံဃာတော်နဲ့အမျိုးသမီးဆန္ဒပြပွဲတွေ ဖြစ်လာနေချိန်မှာ မြန်မာအစိုးရက OIC ရုံး မဖွင့်ဖို့ကို မနေ့က ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ဂျွန်လမှာ စဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား ပဋိပက္ခတွေအတွင်း သေဆုံးခဲ့ရသူ ၇၀ ကျော် ရှိခဲ့ပြီး ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ပတ်ဝန်းကျင်ရှိလာခဲ့ချိန်မှာ OIC အဖွဲ့က ဒီပဋိပက္ခ ထပ်မဖြစ်အောင် စောင့်ကြည့်ရင်းနဲ့ ဒုက္ခသည်တွေ ကူညီရေးအတွက် မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG