မက္ကဆီကို ပင်လယ်ကွေ့အတွင်း ရေနံစိမ်းတွေ ယိုထွက်နေတဲ့ကိစ္စကို BP ရေနံကုမ္ပဏီရဲ့ ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အတ္တလန္တိတ် သမုဒ္ဒယာ တဖက်တချက်စီမှာ ရှိကြတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံတို့အကြား တင်းမာမှုတွေ ဖြစ်ပေါ်တာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့ စနေနေ့က တယ်လီဖုန်းနဲ့ စကားပြောပြီးကြတဲ့ နောက်မှာ အတိုင်းအတာ တခုထိ လျော့ကျသွားပြီ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် တွမ် ရေးဗားစ် (Tom Rivers) လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
သမ္မတ အိုဘားမားနဲ့ ဝန်ကြီးချုပ် ကမ်မရွန်းတို့ မိနစ် ၃၀ လောက် စကားပြောခဲ့ကြတာက နှစ်ဘက် တင်းမာနေမှုတွေကို လျော့ကျသွားစေခဲ့ပါတယ်။ တင်းမာမှုတွေ ဆိုတာကတော့ ရေနံစိမ်းတွေ အတိုင်းထက်အလွန် ယိုစိမ့်ထွက်နေတာကို BP ရေနံကုမ္ပဏီရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ အပေါ် ဝါရှင်တန်မှာရှိတဲ့ အရာရှိတွေရဲ့ ဝေဖန် ပြောဆိုမှုတွေဟာ ဗြိတိသျှ ဆန့်ကျင်ရေး လေသံမျိုး ပေါက်နေတယ်လို့ ဗြိတိန်နိုင်ငံမှာ ရှိတဲ့သူတချို့က ထင်မြင် ယူဆနေကြတာကြောင့် ဖြစ်ပါတယ်။
သမ္မတ အိုဘားမားကတော့ သူ့အနေနဲ့ BP ရေနံကုမ္ပဏီက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ပတ်သက်လို့ စိတ်ပျက်မိတာက ဗြိတိန် တနိုင်ငံလုံးကို ရည်ညွှန်းပြောဆိုတာ မဟုတ်တဲ့အကြောင်း စနေနေ့က ဖုန်းနဲ့ စကားပြောကြတဲ့အထဲ ထည့်ပြောခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ အိုဘားမားရဲ့ ရပ်တည်ချက်က ရှင်းပါတယ်လို့ နောက်တနေ့ တနင်္ဂနွေနေ့ ဘီဘီစီ ရုပ်မြင်သံကြားနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟေ့ဂ် (William Hague) က ပြောပါတယ်။
“အမေရိကန်နိုင်ငံရဲ့ ရည်တည်ချက်နဲ့ ပတ်သက်ပြီး သမ္မတ ပြောခဲ့တာက ရှင်းပါတယ်။ အမေရိကန်နိုင်ငံက BP ကုမ္ပဏီ ဂုဏ်သိက္ခာကျအောင် လုပ်နေတာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ BP ကုမ္ပဏီမှာ အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြတယ်။ BP ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ဗြိတိသျှလူမျိုး အရေအတွက်လောက် အမေရိကန် နိုင်ငံထဲမှာလည်း ရှိနေတယ်ဆိုတာ ကျနော်တို့ နှစ်နိုင်ငံလုံး သိနေတာပဲဗျာ။”
BP ကုမ္ပဏီ ဘုတ်အဖွဲ့လည်း မကြာခင်မှာ တွေ့ဖို့ရှိပါတယ်။ ဆွေးနွေးကြမယ့် အာဂျင်ဒါထဲမှာ မက္ကဆီကို ပယ်လယ်ကွေ့မှာ ဖြစ်နေတဲ့ ရေနံယိုစိမ့်မှု ပမာဏက ကြီးကျယ်လွန်းတာကြောင့် အစုရှယ်ယာ ပိုင်ဆိုင်သူတွေကို လောလောဆယ် အစုအပေါ် အမြတ်ပေးသင့်၊ မပေးသင့် ဆိုတဲ့ကိစ္စလည်း ပါဝင်ပါလိမ့်မယ်။
ရေနံစိမ်း ယိုစိမ့်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ တိုက်ရိုက် ခံစားကြရသူတွေက လျော်ကြေးငွေ တောင်းဆိုလာရင် ပေးနိုင်အောင် ရန်ပုံငွေ သီးခြား မတည်ထားဖို့ BP ကုမ္ပဏီ အကြီးအကဲတွေကို သမ္မတ အိုဘားမားက တောင်းဆိုဖို့လည်း စီစဉ်နေပါတယ်။
BP ကုမ္ပဏီ အနေနဲ့ ဘာလုပ်မယ်လို့ ထင်ပါသလဲလို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟေ့ဂ်ကို မေးတဲ့အခါမှာတော့…
“အစုငွေအပေါ် အမြတ်ငွေနဲ့ ပတ်သက်လို့ BP က သူ့ဟာသူ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာက သူတို့ရှေ့မှာ ကြီးမားတဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းမှာလည်း သူတို့ တော်တော်လေး ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။”
ယိုထွက်နေတဲ့ ရေနံစိမ်းတွေထဲက ရာခိုင်နှုန်း အများစု စုပ်ယူနိုင်ဖို့ ပိုမိုတိကျ ပြတ်သားတဲ့ အစီအစဉ်ကို ၄၈ နာရီအတွင်း ရေးဆွဲတင်ပြဖို့ အမေရိကန် အစိုးရက BP ကုမ္ပဏီ အကြီးအကဲတွေကို ဒီသီတင်းပတ်ကုန်ပိုင်း အတွင်း တောင်းဆိုလိုက်ပါတယ်။
BP ကုမ္ပဏီ အနေနဲ့ ရေနံစိမ်း ယိုစိမ့်မှု ထိန်းချုပ်နိုင်အောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ရမယ်၊ ဒီအတွက် အမြဲတမ်း အစီအစဉ်တခုကို ချမှတ်သင့်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမှုတွေ လျော့နိုင်သမျှ လျော့အောင် လုပ်ဆောင်ရမယ်လို့ မစ္စတာ ဟေ့ဂ်က ပြောပါတယ်။ ဗြိတိသျှအစိုးရ အနေနဲ့လည်း အကူအညီပေးဖို့ အဆင်သင့် ရှိနေတယ်လို့ သူက ပြောပါတယ်။
“ဗြိတိသျှအစိုးရ အနေနဲ့လည်း ဓာတုပစ္စည်း သန့်စင်ရေး အပါအဝင် ကျနော်တို့ဘက်က တတ်နိုင်သလောက် အကူအညီတွေ အမေရိကန်ကို ပေးနေပါတယ်။ ရှေ့မှာ လုပ်စရာ လုပ်ငန်းတွေ အများကြီး ရှိနေပါတယ်။ ဒါကို သေးသိမ်သွားအောင် မလုပ်ဘဲ နေကြပါစို့။”
BP ကုမ္ပဏီ အကြီးအကဲကလည်း အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။