သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ဒီချုပ်အစိုးရ အချိန်လိုအပ်


သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)
သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)

NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လုံ လောက်တဲ့ အချိန် အတိုင်းအတာတခုယူဖို့ လိုအပ်တယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောလိုက်ပါတယ်။ NLD အစိုးရသစ် စတင်တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးကဏ္ဍမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲ မှု မတွေ့ရသလို နိုင်ငံအတွက် ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒလမ်းစဉ်မျိုး မတွေ့ရသေးဘူးလို့ မြန်မာ့ အရေး လေ့လာသူတွေ ဝေဖန်နေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

လက်ရှိ အစိုးရသစ်အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ ယေဘုယျဆန်တဲ့ စီးပွားရေးမူဝါဒအပေါ် အခြေခံပြီး လက်တွေ့မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘယ်လို လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ ခိုင်မာတိကျတဲ့ မူဝါဒ လမ်းစဉ် တရပ် ထွက်လာဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ အတွက် တိကျတဲ့ မူဝါဒ လမ်းစဉ် ချမှတ်ပြီး အကောင်အထည် ဖော်နိုင်ဖို့ လုံလောက်တဲ့ အချိန်ယူဖို့ လိုတယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောပါတယ်။

" လက်ရှိ လုပ်လည်း လုပ်နေကြတယ်။ အချိန်တခုလည်း ကျနော်တို့ လိုတယ်။ ဘာဖြစ်လို့ လိုလဲ ဆိုတော့ တကယ့်တိုင်းပြည်စီးပွားရေး အခြေအနေအမှန်က ဘယ်လိုရှိနေတယ်။ ဒါကို ကြည့်ပြီးတော့ ဘယ်လိုပုံစံနဲ့ ရေရှည် အကောင်အထည်ဖော်သွားနိုင်မလဲဆိုတာကို ပြင်ဆင်ဖို့အတွက်ကတော့ အချိန်တခုတော့ လိုတယ်ဗျ။ ကျနော်တို့တိုင်းပြည် စီးပွားရေးအခြေအနေ၊ ကျနော်တို့တိုင်းပြည် ဖြစ်နေတဲ့အခြေအနေ မှန်ကို အစိုးရက သေသေချာချာ နားလည်သဘောပေါက်အောင် ကြိုးစားဖို့လိုတယ်။ နောက်တခုက လက်ရှိ လုပ်ဆဲကိုင်ဆဲ အနေအထားတွေမှာ ဘယ်လိုဟာမျိုးကို ပိုပြီးတော့ အားဖြည့်မယ်။ ဘယ်လိုဟာမျိုးကို အရှိန်အဟုန်ရအောင်ဆက်လုပ်မယ်။ ဘယ်လိုဟာမျိုးကို ပြုပြင်ပြောင်းလဲမယ်။ တကယ်လက်တွေ့အလုပ်ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့သွားရမယ်ဆိုတာက ပိုအရေးကြီးပါတယ်။"

မနေ့က ဇူလိုင်လ ၂၁ရက်နေ့မှာ NLD စီးပွားရေး ကော်မတီဝင်တွေ၊ နိုင်ငံတကာ ပညာရှင်တွေ ပါဝင်တဲ့ စီးပွားရေးဖိုရမ်တခု ပြုလုပ်ခဲ့ပြီး လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကို ပြန်လည်သုံးသပ်ပြီး လက်တွေ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဖိုရမ်မှာ မြန်မာပြည်ရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဦးစားပေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အဓိက ဆွေးနွေးခဲ့သလို ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုရှိလာဖို့နဲ့ သက်ဆိုင်ရာ တောင်သူတွေ အကျိုးခံစားခွင့်ရဖို့ လိုတယ်လို့ ဦးမင်းခင် က ပြောပါတယ်။

" အဓိက ကတော့ဗျာ စိုက်ပျိုးရေးကဏ္ဍဆိုရင် တကယ့်အရေးကြီးတဲ့ ကဏ္ဍလို့ ပြောပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး အခုထက်ထိ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုတာက အဓိက ပြောင်းလဲဖို့ဆိုတာက ရင်းနှီးမြှုပ်နှံမှု ရှိလာဖို့နဲ့ တကယ်လက်တွေ့ အကျိုးခံစားရဖို့ပေါ့ အဲ့ဒီ့အပိုင်းကတော့ အဓိကပါပဲ။"

NLD အစိုးရသစ်စတင် တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပြုပြင်ပြောင်းမှု မတွေ့ ရတဲ့ အပေါ် မြန်မာ့အရေးလေ့လာသူ အများစုက ဝေဖန်နေကြပါတယ်။ အစိုးရသစ်ရဲ့ စီးပွားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု အားနည်းတဲ့အပေါ် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးပါတီတွေအနေနဲ့က ဟိုးအစောပိုင်းမှာကတည်းက ကိုယ် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရရင် ဘယ်လိုသွားမလဲဆိုတာလို ဒီစီးပွားရေးမူဝါဒကိုလည်း ကြိုပြင်ထားသင့်တာပေါ့နော်။ နောက်တခါ NLD အနေနဲ့လည်း အရင် သူတို့တင်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စီးပွားရေးမူဝါဒ ကြေညာ စာတမ်းတွေရှိပါတယ်။ ဒါပေမဲ့ တကယ်အစိုးရဖြစ်လာတဲ့အခါကျတော့ ဒါကို ပိုစနစ်တကျဖြစ်အောင် ပြန်လုပ်ရမယ့်ဟာ မျိုး တကယ်အကောင်အထည်ဖော်မယ့် ဟာမျိုး ဆိုတော့ အဲ့ဒီ့တော့ အခုအချိန်မှာ မူဝါဒ မရှိတဲ့အခါကျတော့ မူဝါဒကို တိတိကျကျ မထုတ်ပြန်တော့ ဘာဖြစ်နေလဲဆိုတော့ စီးပွားရေးလောကထဲမှာ သို့လော သို့လောတွေ ဖြစ်တယ်။ သံသယတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲ့တာက မကောင်းတဲ့အခြေအနေလို့ ကျနော်ထင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အခြေခံကျတဲ့ စီးပွားရေးမူဝါဒအရ ဘဏ္ဍာ ရေးနဲ့ ငွေကြေးစနစ်တိုးတက်အောင်လုပ်ဖို့၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ်နဲ့ တိုင်း အသီးသီး မျှမျှတတ ဆောင်ရွက်ဖို့နဲ့ နိုင်ငံခြား ပို့ကုန်တန်ဖိုး မြင့်ဖို့ စတာတွေ ပါဝင်ပေမယ့် အစိုးရသစ်ရဲ့ ပထမ ဆုံး ရက် ၁၀၀ ကာလအလွန်ထိ ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒတွေ အကောင်အထည်ဖော်တာမျိုး မတွေ့ရ သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG