သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး


ွှTropical storm "One"
ွှTropical storm "One"
One လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်လာနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်နိုင်ခြေရှိပါတယ်။ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ မုန်တိုင်း ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင် ထားပြီး ရေဒီယိုကနေ တဆင့်နိုးဆော်ချက်တွေကို နားစွင့်ပြီး သတိအနေအထားနဲ့ အသင့်ရှိနေကြပါလို့ ဒေသခံအာဏာပိုင်တွေနဲ့ မိုးလေဝသပညာရှင်တွေဘက်က အဆက်မပြတ် နိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

အခု မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည်ပြီးတော့ ဝင်ရောက်တိုက်ခတ် လာနိုင်ခြေရှိတဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့ ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။

ရေဒီယိုကနေတဆင့်လည်း အချိန်နဲ့တပြေးညီ မုန်တိုင်း သတိပေး နိုးဆော်ချက်တွေ ကို တောက်လျောက် သတိပေးနေတဲ့ အတွက် ပြည်တွင်းရေဒီယိုဖြစ်တဲ့ ပဉ္စဝတီ FM ရေဒီယို ထုတ်လွှင့်ပေးနေတဲ့ မုန်တိုင်းသတိပေးချက်တွေကို မပြတ် စောင့်ကြည့် နားစွင့်ထားကြပါလို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ကြိုတင်ပြီး ကာကွယ်လို့ရအောင် လိုက်ပြီးဆော်သြနေပါတယ်။ ကျနော်တို့ ရေဒီယို အမြဲတမ်း နားထောင်မှ ရမှာလေ။ ပြည်သူတွေကိုလည်း ပြောပြီးသား၊ ကျနော်တို့ ပဉ္စဝတီကနေ နာရီဝက် တစ်ကြိမ် လွှင့်ပါတယ်။ အဲ့တာကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့ပြောထားပြီးသား၊ မုန်တိုင်းရဲ့ ဘေးလွတ်တဲ့နေရာတို့၊ နောက် ကျနော်တို့ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဖို့၊ အဲ့တာတွေ ကိုယ်နဲ့မကွာဖို့ ၊ စားနပ်ရိက္ခာတွေသယ်ဖို့ ကျနော်တို့ ဇာတ်တိုက်တဲ့အထဲမှာ ပါပါတယ်။ အဲ့ဒီ့အတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုက်ပြီးဆော်သြနေပါတယ်။ အဓိကအချက်ကတော့ ကမ်းဝေးမှာသွားတဲ့လှေတွေ၊ မုန်တိုင်းခိုတဲ့နေရာ၊ သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ဖို့ ၊ နောက် အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်ရေရှောင်တဲ့နေရာ၊မုန်တိုင်းရှောင်တဲ့နေရာကို တပါတည်းယူဆောင်သွားဖို့ အဲ့တာလေးတွေ ကျနော်ပြောချင်ပါတယ်။”

တစ်နာရီကို မိုင် ၁၀၀ကျော်နှုန်းနဲ့ တိုက်ခတ်မယ့် ပြင်းအားကြီး ဆိုင်ကလုန်းဖြစ်တဲ့ အတွက် မုန်တိုင်းတိုက်ခတ်ချိန်မှာ မိုးကြီး လေထန်ပြီး မြစ်ရေလျှံနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားပြီး နေထိုင်ကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။

“မိုင်တစ်ရာကျော်ဆိုတာ အန္တရာယ်ရှိတဲ့အဆင့်ပဲလေ။ တစ်ရာကျော်တိုက်ရင် အနည်းဆုံး ရေက လေး၊ ငါးပေ တက်မှာပဲ၊ မုန်တိုင်း ခန့်မှန်းထားတဲ့အတိုင်း အဲ့ဒီ့နေ့မှာ အဲ့ဒီ့ကို ရောက်ပြီဆိုတာ ဒါတော့ သတင်းကို အပ်ဒိပ်လုပ်ဖို့ လိုတာပေါ့နော်။ အပြောင်းအလဲရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကျနော်တို့လည်း အာမ မခံနိုင်ဘူး။ သို့သော် လောလောဆယ်တော့ ဒီကိုသွားမယ် မှန်းထားတယ်။ တကယ်လို့ အဲ့ဒီ့အတိုင်း မှန်းထားတဲ့အတိုင်း၊ အဲ့ဒီ့အချိန်မှာ လေဟာ တစ်ရာ၊ တစ်ရာ့ငါးမိုင်လောက် တိုက်နေမယ်ဆိုရင် လှိုင်းကြီးနိုင်တယ်၊ အဲ့တာကြောင့် ပင်လယ်ပြင်သွားလာတဲ့ခရီးကို ရှောင်ရင်ကောင်းတယ်၊ ဟုတ်လား၊ သင်္ဘောငယ်လေးတွေဆို ကမ်းက အဝေးကြီး မသွားပါနဲ့။ နောက်ပြီးတော့ လေပြင်းတိုက်တဲ့အတွက် အိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ လဲနိုင် ပြိုနိုင်တယ်။

နောက်ပြီးတော့ တခါ အနိမ့်ပိုင်းမှာနေရင် ရေတက်တဲ့အန္တရာယ်ကို သတိထားမယ်။ အရင်တုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင် လုံခြုံပြီလို့ထင်ကြတယ်။ မဟုတ်ဘူး မုန်တိုင်း ဒီရေဆိုတာ ပင်လယ်ထဲက ရေတွေ ကမ်းပေါ်အထိ တက်လာတာ ကမ်းပေါ်အထိ တက်လာတာ၊ အဲ့တော့ တကယ်ရေတက်မယ်ဆိုရင် လွတ်ရာကင်းရာ ပြောင်းဖို့လိုတယ်။ ဒါတွေတော့ ကျနော်ပြောနေတာပဲဗျ။”

ရခိုင်ဘက်မှာ မုန်တိုင်းဘေး မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် အချက်တွေကို သိထားကြတယ် ဆိုပေမယ့် အခုတိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းဟာ အန္တရယ်များတဲ့ အဆင့်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ တာဝန်ရှိသူတွေက ရေဒီယိုကနေ အဆက်မပြတ် ထုတ်လွှင့် ကြေညာပေးနေတဲ့ မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို လုပ်ဆောင်ထားကြပါလို့ ရခိုင်သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ထပ်ပြီးတော့ သတိပေးပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း တလျောက်ကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ လှေတွေ၊ နောက် ခရီးသည်တင် သင်္ဘောတွေ အထူးသတိထားပြီး မုန်တိုင်း ရှောင်ရှားကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

အခုလို တာဝန်ရှိသူတွေဘက်က ဒေသခံတွေအတွက် ONE ဆိုင်ကလုန်းမုန်တိုင်း တိုက်လာရင် ဖြစ်လာနိုင်ခြေ ရှိလာတာတွေအတွက် မုန်တိုင်းသတိပေးချက်တွေကို အဆက်မပြတ် ဆော်သြ နိုးဆော်မှုတွေ လုပ်ဆောင်နေသလိုပဲ ဒေသခံ အဖွဲ့အစည်းတွေ၊ ကျမ်းမာရေးအဖွဲ့တွေ၊ လူမူရေးအဖွဲ့အစည်း၊ NGO တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ရခိုင်သတင်းပြန်ကြားရေး အဖွဲ့ကလည်း ဆိုပါတယ်။

“ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ပြင်ဆင်ထားတဲ့ အပိုင်းအတိုင်း ပြင်ထားပါတယ်။ အဓိကကတော့ ပြည်သူတွေအပိုင်းက ပိုအဓိကကျတယ်။ အစိုးရအနေနဲ့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေ၊ ကြက်ခြေနီအဖွဲ့တို့ လူမှုရေးအဖွဲ့တွေ ဘာတွေ အကုန်လုံးက ကြိုတင်လုပ်ထားပြီးသားပါ ခင်ဗျ။”

အခု အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေဝသပညာရှင်တွေကလည်း သတိပေးထားတာပါ။

အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ဝင်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးပြောဆိုနေတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ဝင်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေဝသ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်တယ်လို့လည်း မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။
XS
SM
MD
LG