သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူမှုကြောင့် လားရှိုးမှာ ပုဒ်မ ၁၄၄ ထုတ်


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (Navi Pillay)
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (Navi Pillay)
ရှမ်းပြည်နယ် လားရှိုးမြို့မှာ အင်္ဂါနေ့က ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့တာမှာ သာသနာ့ အဆောက်အဦးတချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လားရှိုးမြို့မှာ ပုဒ်မ (၁၄၄) အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ အခုလို ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

အင်္ဂါနေ့ ညနေပိုင်းက လားရှိုးမြို့မှာ လူတစ်စုက တုတ်ဓားတွေနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် သာသနာ အဆောက်အဦးတချို့နဲ့ ဈေးဆိုင်ခန်းတချို့ မီးလောင် ပျက်စီးခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ လောလောဆယ် ပျက်စီးဆုံးရှုံးမှု ပမာဏနဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ ဗလီကျောင်းတစ်ခုနဲ့ အနီးအနားက ဈေးဆိုင်ခန်းတွေအပြင် မိဘမဲ့ ကလေးဂေဟာ တစ်ခုလည်း ပါဝင်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

“ဈေးနားက ဗလီလောင်တာ။ ဂျာမေ ဗလီ။ အခု ကျမတို့ ဒီဗလီကျောင်းကနေ မီးရှို့လိုက်တာဟာ အဲ့ဒီအောက်ပိုင်း တကွေ့ကြီး အကုန်ပါသွားတယ်။ တရုတ်ဆိုင်တွေရော၊ ဟိန္ဒူဆိုင်တွေရော အကုန်ပါသွားတယ်။ ပထမ ဗလီကို မီးရှို့တယ်။ ဗလီကို မီးရှို့ပြီးတော့ ကျောင်းကို မီးရှို့တယ်။ ကျောင်းကတော့ တစ်ကျောင်းလုံး ပြာကျတယ် အစ်မရယ်။ မှောင်မှောင်မည်းမည်းထဲမှာ ဘယ်သူဘယ်ဝါမှန်း လုံး၀ မသိရဘူး။ လူငယ်တွေပဲ အစ်မ။ ဆိုင်ကယ်တွေနဲ့ တုတ်တွေနဲ့။ လူ ၁၀၀ ကျော်လောက်ရှိမယ်။ လူငယ်တွေချည်းပဲ။”

ထိခိုက်ပျက်စီးမှု အခြေအနေကို သိရအောင် လားရှိုးမြို့က မီးသတ်နဲ့ သက်ဆိုင်ရာဌာနတွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခြေအနေ အတိအကျ မသိခဲ့ရပါဘူး။

အကြမ်းဖက်မှုတွေ ဘယ်က ဘယ်လို စတင်ခဲ့တယ်ဆိုတာ သေချာ မသိရပေမဲ့၊ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မီးရှို့ခဲ့တယ်ဆိုတဲ့ အဲဒီနေ့ အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပုံရတယ်လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။

“အောက်ဘက်မှာ၊ ရပ်ကွက် (၈) ဘက်မှာပေါ့နော်။ ဓာတ်ဆီရောင်းတဲ့ ကောင်မလေးကို မူဆလင်တစ်ဦးက မီးရှို့လိုက်တယ်တဲ့။ ဒါပေမဲ့ ရဲက ဖမ်းမိတယ်။ အဲဒီလူကို။ အဲဒီလူက လားရှိုးမြို့ကလည်း မဟုတ်ဘူး။ အဲဒါ ဖမ်းမိပြီး သူ့ကို ရဲစခန်းကို ဖမ်းခေါ်သွားပြီ။ အဲဒါ သုံး လေး နာရီလောက်ကျတော့ ဘုန်းကြီးတွေက ရဲစခန်းထဲကို သွားပြီးတော့ အဲဒီလူကို တောင်းတာ။ ထုတ်ပေးဖို့လေ။ တောင်းတဲ့အခါကျတော့ ရဲတွေက မထုတ်ပေးနိုင်ဘူးပေါ့။ ထုတ်ပေးလိုက်ရင် ကျနော်တို့ အဖမ်းခံရမှာပေါ့နော်။ အဲဒီတော့ ကျမတို့အနေနဲ့ကတော့ ဒီတစ်ယောက်အတွက်နဲ့ ကျမတို့ အများကြီး ဆုံးရှုံးသွားပြီပေါ့လေ။ အခုလိုတွေ ဖြစ်ကုန်တာ၊ ဖြစ်တဲ့အချိန်မှာ ရဲတွေလည်း မလာရဲဘူး။ ဘယ်သူမှမလာဘူး။ ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူး။ သူတို့ ထင်တိုင်း ကျဲသွားကြတာပဲ မင်းမဲ့ တိုင်းပြည်ကျနေတာပဲ။”

အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လောလောဆယ် လားရှိုးမြို့မှာ ပုဒ်မ (၁၄၄) အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဘာသာရေး အကြောင်းပြပြီး လူတစ်စုက အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဆိပ်မူ နဲ့ မမုံ ကျေးရွာတွေမှာ နေအိမ်တချို့နဲ့ ဈေးဆိုင်တွေ ပျက်စီး ဆုံးရှုံးခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံ နေရာ အတော်များများမှာ ပြီးခဲ့တဲ့နှစ်ကစလို့ ဘာသာရေးနဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့တဲ့အထဲမှာ အခု လားရှိုးမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကတော့ နောက်ဆုံးဖြစ်ရပ်လို့ ဆိုရမှာပါ။

ဒီလို ဒေသတော်တော်များများမှာ အကြမ်းဖက်မှုတွေ တိုးပြီး ဖြစ်ပွားလာနေတဲ့အပေါ် အထူးစိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲအဖွင့်မှာ ပြောဆိုသွားပါတယ်။

“လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ဒေသအတော်များများမှာ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အပေါ်မှာ ကျမ အထိတ်တလန့် ဖြစ်ရပါတယ်။ မြန်မာနိုင်ငံထဲမှာ ရခိုင်နဲ့ မိတ္ထီလာ အပါအဝင် နေရာ အတော်များများမှာ မူဆလင် လူမှု အသိုင်းအဝိုင်းအပေါ် တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်လို့ ကျမ အထူး စိုးရိမ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

“ပြည်သူတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့သူတွေ၊ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းတွေ၊ ဒါမှမဟုတ် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေ၊ စစ်သားတွေ အပါအဝင် အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ ဌာနေရုံး ဖွင့်နိုင်ရေးအတွက် အစိုးရနဲ့ အပြီးသတ် စေ့စပ် ညှိနှိုင်းနိုင်ဖို့ကိုလည်း ကျမ မျှော်လင့်ပြီး စောင့်နေပါတယ်။ ဒါမှသာ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခုလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ကျမတို့အနေနဲ့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးအခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရသလို၊ လူ ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ အတိဒုက္ခ ရောက်နေကြရဆဲလည်း ဖြစ်ပါတယ်။ တခါ ဒီနှစ်အတွင်း မိတ္ထီလာမြို့မှာ စတင်ဖြစ်ပွားပြီး တခြားဒေသတွေကိုပါ ပျံ့နှံ့ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေအတွင်းမှာလည်း လူတွေ အများအပြား သေဆုံးခဲ့ရပါသေးတယ်။
XS
SM
MD
LG