သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလင်ကွန်း ၁၆၈၃ Gettysburg အမှတ်တရမိန့်ခွန်း အမေရိကန်ဂုဏ်ပြု


ပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ အမေရိကန်နိုင်ငံမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို အားလုံးခံစားနိုင်ကြဖို့ သမ္မတဟောင်း Abraham Lincoln က Gettysburg မှာ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့တာ အင်္ဂါနေ့က အနှစ် ၁၅၀ ပြည့်ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားနေချိန် ၁၈၆၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက ပြောကြားခဲ့တဲ့ ဒီမိန့်ခွန်းဟာဆိုရင် အမေရိကန်သမိုင်းမှာ အထင်ရှားဆုံးမိန့်ခွန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်စနစ်လိုလားတဲ့ တောင်ပိုင်းပြည်နယ်တပ်တွေနဲ့ ကျွန်စနစ်ဖျက်သိမ်းလိုတဲ့ ပြည်နယ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာ ပြောခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းအကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။

လူတိုင်း တန်းတူညီမျှတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ယောက်မြောက် သမ္မတ အီဘရာဟင် လင်ကွန်း (Abraham Lincoln) ရဲ့ ၂ မိနစ်ကြာတဲ့ Gettysburg မိန့်ခွန်းကို အမေရိကန် ကျောင်းသူ/ကျောင်းသားတွေ အခုချိန်ထိ ကျက်မှတ်နေရဆဲ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းဟာ အမေရိကန်သမ္မတတွေ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ အပြောင်မြောက်ဆုံး ဖြစ်တယ်လို့ Virginia Commonwealth တက္ကသိုလ်က သမိုင်းပညာရှင် Carolyn Eastman က အခုလို ပြောပါတယ်။

“ဒီမိန့်ခွန်းကပေးတဲ့ အကောင်းဆုံးအချက်က လွတ်လပ်မှု ရရှိအောင်လုပ်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျမတို့ကို သတိပေးနေတဲ့ အချက်ပါ။ လွတ်လပ်မှုအတွက် လူ့အသက် ခန္ဓာတွေ ပေးဆပ်ရလည်း တန်ပါတယ်ဆိုတာကို ဒီမိန့်ခွန်းက သတိပေးနေပါတယ်။”

ပြည်တွင်းစစ် ဖြစ်ပွားနေချိန် ၁၈၆၃ ခုနှစ် နိုဝင်ဘာ၁၉ ရက်နေ့တုန်းက Pennsylvania ပြည်နယ် Gettysburg မြို့ စစ်မြေပြင်တနေရာမှာ ဒီမိန့်ခွန်းကို သမ္မတ လင်ကွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လူတိုင်း တန်းတူညီမျှတယ်၊ လွတ်လပ်မှုကို ခံစားနိုင်ရမယ်ဆိုတဲ့ အချက်ကို အဓိက မီးမောင်းထိုးပြပြောခဲ့တဲ့ မိန့်ခွန်းမှာ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့သူတွေရဲ့ ပေးဆပ်မှုဟာ အချည်းနှီး မဖြစ်စေရဘူးဆိုတဲ့ အချက်ကို အခိုင်အမာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အသစ်တဖန် လွတ်မြောက်ဖို့၊ ပြည်သူ့ဆန္ဒနဲ့ အုပ်ချုပ်တဲ့ အစိုးရ၊ ပြည်သူကပိုင်တဲ့ အစိုးရဆိုတာ ကမ္ဘာ့မြေပေါ်က ပျောက်ပျက်သွားမှာ မဟုတ်ဘူးဆိုတာတွေကိုလည်း သမ္မတဟောင်း လင်ကွန်းက ပြောကြားခဲ့ပါတယ်။

ကျွန်စနစ် လိုလားလို့ ခွဲထွက်လိုတဲ့ တောင်ပိုင်းပြည်နယ်တွေနဲ့ ကျွန်စနစ်ဖျက်သိမ်းလိုတဲ့ ပြည်နယ်တွေကြား ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ ခုနှစ်အထိ ကြာရှည်ခဲ့တဲ့ စစ်ပွဲမှာ ပြည်ထောင်စု တည်ထောင်ရေးအတွက်ကို သမ္မတ လင်ကွန်း က ကာကွယ် တိုက်ခိုက်ခဲ့တာပါ၊ ခွဲထွက်လိုသူတွေဘက်က နောက်ပိုင်း အရှုံးပေးခဲ့ရတဲ့အတွက် အမေရိကန်ပြည်ထောင်စုဆိုတာ ဒီကနေ့အထိ တည်ရှိနေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှတို့လက်ကနေ ၁၇၇၆ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် လွတ်လပ်မှု ဆိုတဲ့ အခြေခံမူနဲ့ တည်ထောင်ခဲ့တဲ့ နိုင်ငံတခုဟာ ရေရှည် တည်တံ့နိုင်သလားဆိုတာကို Gettysburg စစ်ပွဲတင်မက တခြားပြည်တွင်းစစ်ပွဲတွေက စမ်းသပ်တာ ဖြစ်တယ်လို့ သမ္မတ လင်ကွန်းက ပြောကြားခဲ့ပါသေးတယ်။ အသစ်အဖန် ပြည်လည်ပေါ်ပေါက်လာမယ့် လွတ်လပ်မှုကို ရရမယ်၊ ပြည်သူတွေရွေးချယ်တဲ့ ပြည်သူ့အတွက် ပြည်သူ့အစိုးရဆိုတာ ဒီကမ္ဘာမြေကြီးမှာ ပျောက်ပျက်မသွားသင့်ဘူးလို့ သမ္မတဟောင်းမိန့်ခွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

အသစ်တည်ထောင်ထားတဲ့ နိုင်ငံသစ်မှာ ကျွန်စနစ်ဆိုတာကို အဆုံးသပ်ဖို့ လိုအပ်တယ်ဆိုတာကို သမ္မတလင်ကွန်းက ထိထိရောက်ရောက် သတိပေးခဲ့တာလည်း ဖြစ်တယ်လို့ သမိုင်းပညာရှင် Carolyn Eastman က သုံးသပ်ပါတယ်။

“ဒီစစ်ပွဲ ဘာကြောင့် ဖြစ်နေရသလဲဆိုတဲ့ စစ်ပွဲရဲ့ အဓိပ္ပါယ်ကို သူက သိအောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။ စစ်ပွဲဖြစ်နေစဉ်ကာလအတွင်း ဘာကြောင့် ဖြစ်နေရသလဲ ဆိုတဲ့အပေါ်မှာ သူ့ရဲ့စိတ် ပြောင်းလဲမှုကို ထင်ဟပ်တဲ့ အကြောင်းအချက်တွေကို ပြောကြားခဲ့တာပါ။ ကျွန်စနစ် ပပျောက်ဖို့ အရေးကြီးတယ်ဆိုတာကို လူတွေရဲ့စိတ်ထဲ ရောက်သွားအောင်လို့ ဒီမိန့်ခွန်းက လုပ်ပေးခဲ့တာပါ။”

အခုလို သမိုင်းဝင် ထင်ရှားတဲ့မိန့်ခွန်း ပြောကြားခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို အင်္ဂါနေ့က ကျင်းပခဲ့တာမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့တာမှာ သံအမတ်ကြီး Derek Mitchell က အခုလို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ပြည်တွင်းစစ်ပွဲဖြစ်နေတဲ့ Gettysburg မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ယောက်မြောက် သမ္မတ Abraham Lincoln မိန့်ခွန်းပြောကြားခဲ့တဲ့နေ့နဲ့ အမေရိကန်ရဲ့ ပထမဆုံး African American သမ္မတဖြစ်တဲ့ Barack Obama မနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့နေ့ တနေ့တည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Gettysburg မိန့်ခွန်း၊ သမ္မတ အိုဘားမားနဲ့ မြန်မာနိုင်ငံကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။”

Pennsylvania ပြည်နယ် Gettysburg မြို့ စစ်မြေပြင်နေရာဟောင်းမှာ အင်္ဂါနေ့က ကျင်းပတဲ့ အခမ်းအနားကိုလည်း လူတွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ သမ္မတဟောင်းလင်ကွန်းရဲ့ ဟောင်းနွမ်းသွားခြင်းမရှိ တဲ့ စကားတွေဟာ နိုင်ငံကို လှုပ်နှိုးလိုက်သလို အစဉ် နိုးကြားစေတယ်လို့ အမေရိကန် ပြည်ထဲရေးဝန်ကြီး Sally Jewell က အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

သမ္မတဟောင်း လင်ကွန်းတို့ လက်ထက်နောက်ပိုင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ အကျိုးခံစားခွင့်တွေဟာ ဒီစစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ကြတဲ့၊ အသက်ပေးဆပ်ခဲ့ကြတဲ့ စစ်သားတွေ၊ သမိုင်းတလျှောက် သူ့တို့ရဲ့ ခြေရာကို နင်းခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေကြောင့် ဖြစ်ပါတယ်လို့ Pennsylvania ပြည်နယ် အမေရိကန် အောက်လွှတ်တော်အမတ် Scott Perry က ပြောကြားသွားခဲ့ပါတယ်။
XS
SM
MD
LG