သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲပြိုင်ဖို့ NLD ပြင်ဆင်


၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ မဲရေတွက်မှုမြင်ကွင်း။
၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ မဲရေတွက်မှုမြင်ကွင်း။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ဖို့ အတိုက်အခံ အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတင် ပြင်ဆင်နေပါပြီ။ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းမှုတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ ဖွဲ့စည်းလိုက်ပြီလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် တိုင်းရင်းသားအင်အားကြီးပါတီတွေကလည်း ဒီ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ပြင်ဆင်လှုပ်ရှားမှုတွေအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် စုံစမ်းတင်ပြပေးထားပါတယ်။

အတိုင်အခံ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီကို NLD ပါတီ ခေါင်းဆောင်ပိုင်းတွေ ဦးစီးပြီးဖွဲ့စည်းလိုက်ကြောင်း ဗဟို အလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဗွီအိုအေကို ပြောပါတယ်။

“ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွေကတော့ ဗဟိုအဆင့်တော့ စပြီးဖွဲ့နေပါပြီ။ ၂၄ ရက်နေ့မှပဲ ကျနော်တို့က CEC ဆုံးဖြတ်ချက်ရတာ။ ဒီအတောအတွင်းမှာပဲ ကျနော်တို့ ကြေညာချက်ထုတ်ထားပေးတာ ရှိပါတယ်ခင်ဗျ။ များသောအားဖြင့် ကျနော်မှတ်မိသလောက်ပေါ့နော်- အန်ကယ်လ်ဦးတင်ဦးတို့၊ ဦးဉာဏ်ဝင်းတို့၊ ဒေါ်နန်းခင်ထွေးမြင့်တို့ ပါကြပါတယ်။ တိုင်းနဲ့ပြည်နယ် တာဝန်ယူထားတဲ့သူတွေ ပြန်ပါတာ များပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဖွဲ့ချုပ်အနေနဲ့ လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာပြီးမှ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ လုပ်တဲ့ သတင်းစာ ရှင်လင်းပွဲအတွင်းမှာ ပြောဆိုခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လက်ရှိ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းဦးဆောင်ပြီး ဗဟိုအောင်နိုင်ရေးကော်မတီကို ဒီလထဲမှာပဲဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြောင်းကိုပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီဝင် ဦးလှဆွေက ဗွီအိုအေကို ပြောပါတယ်။

“ပါတီညီလာခံလုပ်ပါတယ်။ ပါတီညီလာခံမှာ ကျနော်တို့ အောင်နိုင်ရေးကော်မတီဖွဲ့စည်းတဲ့အကြောင်းကို ကြေညာပေးတယ်ပေါ့လေ။ ဥက္ကဋ္ဌကတော့ ဦးသူရရွှေမန်းပေါ့။ အောက်က ပါဝင်တဲ့သူတွေကတော့ လူ ၃၀ ကျော်တယ်။ ဗိုလ်မှူးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့၊ ထုံးစံအတိုင်းပေါ့၊ လူကြီးတွေပါပဲ။ တိုင်းနဲ့ပြည်နယ်တွေမှာလည်း အကုန်လုံးအသီးသီးဖွဲ့မှာပေါ့။ ဒီအောင်နိုင်ရေးကော်မတီက အဲဒါကို ပြောတာပါ။ လက်ရှိကတော့ ပါတီအောင်နိုင်ရေး အတွက် ကျနော်တို့က စည်းရုံးတဲ့အနေနဲ့ အလုပ်သုံးခု လုပ်တာပေါ့။ အလုပ်သမား၊ လယ်သမား၊ လူငယ်ပေါ့နော်-”

တိုင်းရင်းသားပါတီတွေဘက်ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ရှမ်းပြည်မှာ အင်အားကြီးတဲ့ ကျားဖြူပါတီ (SNLD) ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသလို ကျားခေါင်းပါတီလို့ လူသိများတဲ့ (SNDP ) ကလည်း ရှမ်းပြည်တစ်ပြည်လုံး လွှမ်းခြုံနိုင်အောင် ပြင်ဆင်နေပြီလို့ ပါတီရဲ့ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ နောက်ထပ် အင်အားကြီး တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ALP) ကလည်း ရခိုင်ပြည်နယ်တစ်ခုလုံးကို လွမ်းခြုံပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သလို အဲဒီအတွက် မဟာဗျူဟာတွေလည်း ချမှတ်ထားပြီးဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ ရခိုင်တပြည်လုံးကို ပြိုင်မှာပေါ့လေ။ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်အထိ တိုင်းရင်းသားများ လိုလားတဲ့အထိ ပြင်နိုင်သလဲပေါ့နော်။ အဲဒီအပေါ်မူတည်ပြီးမှ ကျနော်တို့ရဲ့အာရုံစူးစိုက်မှုက ရခိုင်ပြည်နယ်၊ ပါလီမန်ဖြစ်မလား၊ သို့မဟုတ် ပြည်ထောင်စုပါလီမန်ဖြစ်မလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု အခြေအနေပေါ်မူတည်ပြီးတော့မှ ကျနော်တို့က သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမယ်။”

၂ဝ၁ဝ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီကြီးဖြစ်ခဲ့တဲ့ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း လက်ရှိအချိန်မှာ UDP လို့ ခေါ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၃ဝဝ နီးပါး ဝင်ပြိုင်မယ်လို့ NDF ပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“လျာထားချက်တွေပေါ့။ ကုန်ကျစရိတ်လျာထားချက်တွေကိုလည်း နှစ်ပါတီ ပူးပေါင်းစဉ်းစားပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာကို ငွေရေးကြေးရေး ပိုင်းလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားပြီးတော့ကာ ရှေ့ခရီးသွားကြဖို့ပါပဲ။ ကျနော်တို့ပါတီကတော့ နေရာ ၂၀၀ လောက်ပေါ့။ UDP ပါတီက ၁၀၀ လောက်တာဝန်ယူမယ်ဆိုပြီးတော့ နေရာ ၃၀၀ လောက်ကို ညီနောင်ပါတီနှစ်ပါတီကတော့ စဉ်းစားထားတဲ့အပိုင်းရှိပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကို အတိအကျ ကြေညာတာမျိုးမရှိပေမယ့် ဒီလထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပါတီတွေဘက်က အချိန်ယူပြီး စတင်ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ၂ဝ၁၅ ဇန်နဝါရီလကစပြီး ကိုယ်စားလှယ်လောင်းတွေ အတွက် စည်းရုံးရေးမဟုတ်တဲ့ ပါတီစည်းရုံးရေးလုပ်ခွင့်တွေကိုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားတာပါ။

ကြိုတင်မဲစာရင်းတွေကိုလည်း ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် ထုတ်ပြန်ပေးမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန် ထားပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေလည်း ၂ဝ၁၅ ရွေးကောက်ပွဲ ဘယ်လောက် လွတ်လပ်ပြီး မျှတမလဲဆိုတာကို စိတ်ဝင်စားနေကြတာပါ ခင်ဗျား။

XS
SM
MD
LG