သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်သိမ်း


ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

အရင်အစိုးတွေလက်ထက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ် အရေးယူရာမှာ သုံးခဲ့တဲ့ အရေးပေါ်စီမံမှု အက်ဥပဒေကို အစိုးရက ရုပ်သိမ်းလိုက်တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်အသီးသီးမှာ အများစုမဲနဲ့ အတည်ပြုခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး အောက်တိုဘာလ ၄ ရက်နေ့ နေ့စွဲနဲ့ သမ္မတ ဦးထင်ကျော်က လက်မှတ် ရေးထိုး အတည်ပြုလိုက်တာဖြစ်ပါတယ်။ ခုလို အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းလိုက်တဲ့အပေါ် အမြင်တချို့ကို ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အရေးပေါ်စီမံမှု အက်ဥပဒေ ၅(ည) ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက်လက်အောက် အတိုက်အခံ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေကို ဖမ်းဆီး အရေးယူရာမှာ သုံးခဲ့တာပါ။ အခု ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်လက်ထက်မှာ ဒီဥပဒေကို ပယ်ဖျက်နိုင် လိုက်တာဟာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဝင် ရန်ကင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ဒီဥပဒေက လူထုအမြင်မှရော၊ ဘယ်လိုပြောမလဲ နာမည်ဆိုးနဲ့ ကျော်ကြားသလို ဖြစ်နေတဲ့ဟာပေါ့လေ အာဏာရှင်တွေလက်အောက်မှာပေါ့လေ ။ အဲဒီတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဥပဒေတခုကို ဖျက်လိုက်ရတဲ့အတွက်ကတော့ နိုင်ငံရေးအရလည်း ကျေနပ်ပါတယ်။ နောက်ပြီးတော့ တချို့စိုးရိမ်ချက်တွေရှိတယ် မဖျက်သင့်ဘူးဆိုတဲ့ဘက်က ဒီဥပဒေက ကျင့်သုံးတဲ့ ပုံသဏန်၊ ကျင့်သုံးတဲ့ အစိုးရကြောင့်သာ နာမည်ပျက်ရတာဖြစ်ပြီးတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးအရဆိုရင် ဒါလိုအပ်တယ်ဆိုပြီးတော့ အကြောင်းပြတဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျမကတို့ အဲဒီလိုအကျိုးအကြောင်းဖော်ပြချက်မျိုးကို သဘောမတူခဲ့ဘူး။ တကယ်ပဲ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေရောက်လို့ရှိရင် တခြားနည်းနဲ့ အခြေခံဥပဒေက ပေးထားချက်တွေအရ ကျမတို့ အရေးယူဆောင်ရွက်လို့ရတာတွေရှိတယ်။ ဆိုတော့ ပြည်သူလူထုအမြင်မှာရော ကျမတို့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အမြင်မှာတော့ ဒီနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဥပဒေတခုကို ဒီမိုကရေစီအစိုးရလက်ထက်၊ ဒီမိုကရက်တစ်လွှတ်တော် သက်တမ်းမှာ ဖျက်လိုက်ရတဲ့အတွက် ဒါ နိုင်ငံရေးအရ ကောင်းမွန်တဲ့ခြေလှမ်း တခုလို့ မြင်ပါတယ်။”

လူထုရွေးကောက်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးတဲ့နောက် လူထုကို အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေ လုပ်ဆောင်လာခဲ့တာပါ။ အလားတူ လူထုအတွက် အကျိုးမပြုတဲ့ ဥပဒေတွေကို ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပယ်ဖျက်သင့်တာတွေကို ဆက်လက် ပယ်ဖျက်သွားဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPPB) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒါကတော့ အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စပါ။ ဒါကြိုဆိုရမယ့် ကိစ္စပါ။ ဒီ မလိုအပ်တဲ့ ပြည်သူတွေကို အကျိုးမပြုတဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကတော့ တကယ့် ဒီမိုကရေစီအစိုးရ၊ ဒီပြည်သူလူထုကို အလုပ်အကျွေးပြုမယ့် အစိုးရ ဆိုရင်တော့ ဒါတွေကတော့ ပယ်ဖျက်တာတွေ ပြင်ဆင်တာတွေကို လုပ်ကိုလုပ်ရမှာပါ။”

ဒီလို ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင် ရေးဆွဲ ပယ်ဖျက်သင့်တာတွေ ပယ်ဖျက် နိုင်ဖို့အတွက် ဥပဒေ ရာနဲ့ချီကို သက်ဆိုင်ရာ ကော်မတီတွေက ပြန်လည် သုံးသပ်နေတဲ့အကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဝင် ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ကျမတို့ ကော်မတီဆိုရင် ဥပဒေ ၈၀ လောက်ကို ပြန်ပြီးတော့ review လုပ်ဖို့ရှိပါတယ်။ ကျန်တဲ့ကော်မတီတွေလည်း ဒီအတိုင်းပဲ ဥပဒေတွေအများကြီးပဲ ၂၀၀ ဝန်းကျင်လောက် ရှိမယ်ပေါ့နော်။”

ပုဒ်မ ၅ ည အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ အင်းစိန်ထောင်မှာ ၆ နှစ်နီးပါး နေခဲ့ရတဲ့ ကိုကျော်စိုးဝင်း ကတော့ ပြည်သူကိုဖိနှိပ်တဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းလိုက်တဲ့အပေါ် ဝမ်းသာ ကြိုဆိုကြောင်း ပြောပါတယ်။

“၅ ည ဆိုတာကတော့ တချိန်တုန်းကရော တောက်လျှောက်ပေါ့နော် ကျနော်တို့ သက်တမ်းမှာ နိုင်ငံရေးလုပ်တဲ့လူတွေ အထူးသဖြင့် အာဏာရှင်ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်လာတဲ့ ပုဒ်မပေါ့ အဲဒီပုဒ်မနဲ့ ကျနော်အဖမ်းခံခဲ့ရတယ်။ အဖမ်းခံခဲ့ရတော့လည်း ၅ ည ရဲ့ အမြင့်ဆုံးပြစ်ဒဏ် ၊ အနိမ့်ဆုံး ပြစ်ဒဏ်ဆိုတာက အာဏာပိုင်ရဲ့ ပါးစပ်ထဲမှာပဲ ရှိတယ်။ အဲဒီအာဏာပိုင်ရဲ့ ပါးစပ်ထဲမှာ ၃ နှစ်လည်းဖြစ်ရင်ဖြစ်မယ်၊ ၅ နှစ်လည်းဖြစ်ရင်ဖြစ်မယ်၊ ၁၀ နှစ်လည်းဖြစ်ရင်ဖြစ်မယ် ဒီလိုမျိုးအသုံးပြုခဲ့တဲ့ ပုဒ်မတခုကို ပယ်ဖျက်လိုက်တာဆိုတဲ့အတွက်ကြောင့် စိတ်ထဲမှာ ကျေနပ်ပါတယ်။”

လက်ရှိ NLD အစိုးရ သစ်လက်ထက်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ (၁၈) ကို ပြင်ဆင် ပြဌာန်းခဲ့တာ ရှိသလို၊ ပုဒ်မ ၁၀ လို့ လူသိများတဲ့ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောင်တဲ့ ဥပဒေ’ ကိုလည်း ပယ်ဖျက်ခဲ့ တာပါ။ အခုတခါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို ဖမ်းဆီးအရေးယူရာမှာ စစ်အစိုးရတွေ တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ ၁၉၅၀ ခုနှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းတဲ့ ဥပဒေကိုတော့ ကန့်ကွက်သူတချို့ ရှိခဲ့ပေမဲ့လည်း လွှတ်တော်အသီးသီးမှာ အတည်ပြုခဲ့ပြီးတဲ့နောက် သမ္မတ ဦးထင်ကျော်က အောက်တိုဘာလ ၄ ရက်နေ့ နေ့စွဲနဲ့ နောက်ဆုံး အတည်ပြု လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG