သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲ မလုံလောက်မှုအပေါ် ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့သဘောထား


Myanmar Voters filling on ballots informations and signs to vote in embassy, Washington D.C (October 17, 2015./Photo from Myanmar Embassy website)
Myanmar Voters filling on ballots informations and signs to vote in embassy, Washington D.C (October 17, 2015./Photo from Myanmar Embassy website)

ကြိုတင်မဲလက်မှတ်တွေပြန်ရရှိဖို့ ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်ကြောင့် နိုင်ငံရပ်ခြားမှာ ကြိုတင်ဆန္ဒမဲ မပေးလိုက်ရသူတွေ ဘက်က သူတို့မဲတွေ ပြန်ထည့်နိုင်ရေး မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ အနီးအဝေး အကွာဝေးပေါ်မှာ မူတည်ပြီး အချိန်အခက်အခဲတွေ ရှိနေတာကြောင့် ပြည်ပနိုင်ငံအားလုံးမှာ မဲတွေပြန်ထည့်နိုင်ရေး တပြေးညီ ဆောင်ရွက်ပေးလို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ပြောဆိုချက်အပေါ်မှာ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံရောက် ကြိုတင်မဲမပေးလိုက်ရတဲ့ သူတွေရဲ့ တုံ့ပြန်ချက်တွေ ဘယ်လိုရှိသလဲဆိုတာကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေမှာ ကြိုတင်မဲ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်တွေကို ရှင်းပြခဲ့တာပါ။ စင်္ကာပူလို မြန်မာနိုင်ငံ အနီးအနားမှာရှိတဲ့ နိုင်ငံတွေက မဲစာရင်းနာမည်မှာ ပါနေလျက်နဲ့ မဲလက်မှတ်မရလို့ မပေးလိုက်ရသူတွေအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲတွေပြန်ပို့ပေးနိုင်တယ်လို့ ဦးတင်အေး က ပြောပါတယ်။ ဒါပေမဲ့ ဝေးတဲ့နိုင်ငံတွေဘက်ကို ပို့ပေးဖို့ သူတို့အနေနဲ့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးမှာ စနေနေ့က လွှတ်တော်တခုအတွက်ပဲ ကြိုတင်မဲပေးခွင့်ရခဲ့သူ မြန်မာနိုင်ငံသားတဦးက သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ ဒီ မဲပြည့်စုံအောင် မရတဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေအတွက်ကို ပြန်ပြီးတော့ အချိန်မီအောင် စီစဉ်ပေးမယ်ဆိုတဲ့အချက်ကို ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဝေးလံတဲ့နေရာမှာရှိတဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေအတွက်ကတော့ မသေချာဘူးဆိုတော့ ဝေးလို့ အချိန်မီအောင် မပို့ပေးနိုင်ဘူးဆိုရင်တော့ မျှတမှု မရှိဘူး ဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပို့မယ်ဆိုရင်လည်း အချိန်ကတော့ အကန့်အသတ်တော့ရှိတယ်။ ဒါပေမဲ့ ပို့မယ်ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် အမြန်ချောပို့လုပ်ငန်းတွေလည်း ရှိနေတဲ့အတွက် ဒီလို ဝေးလံတဲ့ အမေရိကားတို့လို၊ ဥရောပလို နိုင်ငံတွေကိုလည်း အချိန်မီအောင် ပို့မယ်ဆိုရင်လည်း ပို့လို့ ရသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိတာပေါ့နော်။ အဲတော့ ကျနော်ကတော့ မျှော်လင့်ထားတယ်။ ကျနော်တို့ဆီကိုလည်း ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပေါ့နော်။”

ကြိုတင်မဲစာရင်း မှားယွင်းတဲ့ပုံစံ အမျိုးမျိုးတွေ ရှိနေတယ်လို့လည်း ဝါရှင်တန် မြန်မာသံရုံးမှာ အမျိုးသားလွှတ်တော်အတွက်ပဲ မဲပေးခွင့်ရခဲ့တဲ့ မအိအိအေး က ပြောပါတယ်။

“တောင်ဥက္ကလာပမြို့နယ်ဆိုလို့ ပေးတာ ကျမရယ်၊ နောက် အမျိုးသားတဦးရယ်၊ ၂ ယောက်ပဲရှိတယ်။ ၂ ယောက်ပဲရှိတာ ပေးရမယ့် မဲက မစုံဘူးပေါ့နော်။ အဲဒါ သူကပြောတော့ သူတို့ဝန်ထမ်းတွေ ကိုယ်တိုင်မှာတဲ့ မဲ မရဘူးတဲ့။ ပုဇွန်တောင်မြို့နယ်တခုလုံး မဲ မပါလာဘူး။ အဲဒါနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲလို့ ကျမက မေးတယ်။ အဲဒါ သူတို့လည်း အကြောင်းကြားထားပါတယ်ပေါ့နော်။ အခုတော့ ဒီ နှစ်ခုပဲရှိတယ်။ သူတို့ အကြောင်းကြားထားတယ်။ သူတို့သိရရင်တော့ အကြောင်းပြန်ပေးမယ်ပေါ့နော်။ အဲဒါနဲ့ ကျမကလည်း အိုကေ ဆိုပြီးတော့ ကျမရဲ့ မဲကို ယူပြီးတော့ စစ်လိုက်တဲ့အခါကျတော့ တိုင်းဒေသကြီးလွှတ်တော်မဲက မှားနေတယ်။ ကိုယ်ပေးရမယ့် ကိုယ်စားလှယ်လောင်းမဟုတ်တော့ ကျမ အဲဒီဟာကို ယူပြီးတော့ မဲပေးလိုက်တယ်ဆိုရင် အဲဒီမဲက ပယ် မဲ ဖြစ်သွားမှာဖြစ်တယ်။ အဲဒါနဲ့ ဒါကတော့ မှားနေတယ်၊ ကျမ ပေးလို့မရဘူး။ ပေးလိုက်ရင်လည်း ပယ်မဲဖြစ်မယ်။ သံရုံးက သူတို့မသိကြဘူး။ အဲဒါဆိုရင်လည်း အမအနေနဲ့ တမဲပဲ ပေးသွားပါပေါ့နော်။ အဲဒါဆိုရင် ကျမကို ကျန်တဲ့ ၂ မဲအတွက် ဘယ်လိုလုပ်ပေးနိုင်မလဲ။ သံရုံးကို ကျမမေးတယ်။ သံရုံးက ဘာပြောသလဲဆိုတော့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတာ သူတို့ အတိအကျ ဘာမှ မပြောနိုင်ဘူးပေါ့နော်။ အားလုံးကတော့ ဒီလိုဖြစ်နေတယ်ပေါ့နော်။ ကော်မရှင်ဘက်ကရော အကုန်လုံးက အတွေ့အကြုံ အားနည်းတယ်ပေါ့။ အားနည်းတဲ့အတွက်ကြောင့်မို့လို့ အမှားအယွင်းတွေ ဒီလိုဖြစ်လာတယ်ပေါ့နော်။ အဲ့လိုမျိုးပြောပါတယ်။ ကြိုတင်မဲပေးခဲ့တာတော့ ကျမ က အမျိုးသားလွှတ်တော်တခုပဲ ပေးရတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာ မြတ်ဉာဏစိုး ကို ပေးခဲ့ပါတယ်။”

အင်္ဂလန်နိုင်ငံ မြန်မာသံရုံးမှာလည်း လွှတ်တော်နေရာသုံးနေရာအတွက် တနေရာပဲ မဲပေးခွင့်ရခဲ့တဲ့ ကိုဧရာထွန်းကလည်း ကြိုတင်မဲတွေပေးတဲ့နေရာမှာ အခြားနိုင်ငံတွေလိုပဲ စာတိုက်ကနေ ပေးတဲ့ စနစ်နဲ့ လွယ်ကူအောင် လုပ်ပေးတဲ့နည်းလမ်းတွေမျိုး ဘာကြောင့် ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာသံရုံးတွေက အသုံးမပြုသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

“သူတို့ နဂိုကတည်းက ဒါကို စနစ်တကျ မလုပ်ထားတာပဲလေ။ ကျနော်ဆိုရင် ဒီကနေ ကျနော် အဝေးကြီးသွားရတာ။ လန်ဒန်နဲ့ ကျနော်နေတဲ့ မြို့နဲ့ဆိုရင် မိုင် ၂၀၀ ကျော်ဝေးတယ်။ အသွားအပြန်ဆိုရင် မိုင် ၄၀၀ လောက်လေ။ အလုပ်လုပ်ရမယ့်ရက်ကို အလုပ်ဖျက်ပြီးတော့ သွားရတာပေါ့နော်။ ဟိုရောက်တဲ့အခါကျတော့ မဲပြား တပြားထဲ ရတယ်ပြောတယ်။ အဲဒီမှာ ဟို သံရုံးက လူတွေကိုလည်း အပြစ်မမြင်ပါဘူး။ မဲပြားတပြားထဲရပြီးတော့ အခု သူတို့ ပေးခွင့်ရှိတယ်ဆိုတော့ အဲဒီ မဲပြား တပြား၊ နှစ်ပြား ပေးလို့ရတဲ့သူတွေ သံရုံးက စနစ်တကျ စာရင်းကောက်ထားတာလည်း မရှိဘူး။ ဥပမာ - စာရင်းကောက်ထားတာ ရှိရင်တော့ ကျနော်တို့လို အဝေးက လူတွေအတွက် သူတို့ ဘယ်လိုလုပ်ပေးမလဲ။ စာတိုက်ကနေ ပေးပို့တာတွေ လုပ်ရင် တော်တော်လွယ်တဲ့ကိစ္စကို ဘာကြောင့် အဲဒီလိုတွေ ခက်ခက်ခဲခဲတွေ ဖြစ်နေသလဲ ကျနော်လည်း နားမလည်ဘူး။”

ကြိုတင်မဲတွေ ပြန်ပြီးပေးနိုင်ရေး ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အပြည့်ရှိတယ်လို့ မဲစာရင်းမှာမပါလို့ မဲမပေးနိုင်တဲ့ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့မှာ နေထိုင်တဲ့ ကိုကောင်းထက် က ပြောပါတယ်။

“ဒီမဲပြားတွေကို ပြည်သူတွေလက်ထဲ ရောက်အောင်ပေးမယ်ဆိုတဲ့ဟာက သူတို့တာဝန်၊ အတွေ့အကြုံ ရှိရှိ မရှိရှိ ဒါ အတတ်နိုင်ဆုံး လုပ်ပေးရမှာပေါ့နော်။ ပြည်သူတဦးချင်းဆီ ပြည်ပမှာပဲရောက်နေ ပါစေ၊ ပြည်တွင်းထဲမှာပဲ ဖြစ်နေပါစေ ပြည်သူတဦးချင်းစီ မဲထည့်ခွင့်ရအောင် သူတို့ လုပ်ပေးရမှာ။ ဒါ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ပဲ။”

မြန်မာနိုင်ငံတွင်းမှာ ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလ (၂၉) ရက်နေ့မှာ စတင်ပေးရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး ရလဒ်ကို နှစ်ပတ်အတွင်း ကြေညာမှာ ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

XS
SM
MD
LG