အခုဆိုရင် မြန်မာနိုင်ငံမှာ တန်ခူးလ အခါသမယ မဟာသင်္ကြန်ပွဲ ဆင်နွဲနေကြပြီ ဖြစ်တာနဲ့အတူ ရေပက်ခံ ထွက်ကြတာ သင်္ကြန် အလှပြ အက သံချပ်တွေနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပနေကြပါပြီ။
ပြည်ပရောက် မြန်မာတွေကလည်း နှစ်သစ်ကူး သင်္ကြန်ပွဲတွေကို ကိုယ့်ဒေသအလိုက် အဆင်ပြေသလို ကျင်းပပြုလုပ် နေကြရာမှာ သံချပ်ထိုးတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးေ၀ က တင်ပြထားပါတယ်။
ပြည်ပမှာ ရောက်ရှိ နေထိုင်ကြသူတွေကလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို တမ်းတ လွမ်းဆွတ်နေကြတဲ့အလျောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်္ကြန်ပွဲတွေ ကျင်းပကြပါတယ်။ ကျင်းပတဲ့ နေရာမှာတော့ နေထိုင်ကြရာ ဒေသရဲ့ ရာသီဥတု လူအများအလုပ်အားလပ်ရက် စတာတွေကိုချိန်ပြီးတော့ တချို့နေရာတွေမှာ တန်ခူးလ သင်္ကြန်တော် အချိန်အခါမတိုင်ခင် ကြိုပြီးတော့ လုပ်ကြတာရှိသလို၊ တချို့ရာသီဥတု အေးနေသေးတဲ့ အရပ်တွေမှာတော့ ဇွန်၊ ဇူလိုင်လ မှ နောက်ကျပြီး ကျင်းပကြရတာလည်းရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲ ရေကစားတာနဲ့အတူ တွဲပြီးတော့ ပါဝင်လာတာကတော့ သံချပ်ထိုးတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အတန်ကြာကတည်းက ပြည်ပမှာ အခြေစိုက်တဲ့ သင်္ကြန်သံချပ်အဖွဲ့တွေထဲမှာ ထင်ရှားတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီက သံချပ်အဖွဲ့နဲ့ ဂျပန်နိုင်ငံက မင်္ဂလာဒိုး သံချပ်အဖွဲ့တို့ ဖြစ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ် အိန္ဒိယနိုင်ငံမှာ သံချပ်မထိုးနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က မင်္ဂလာဒိုးအဖွဲ့ကတော့ ဆက်တိုက် ဖျော်ဖြေခဲ့တာ ၂၆ နှစ်ရှိပါပြီ။ အခုနှစ်မှာဆိုရင်တော့
“ဗိုလ်ချုပ်ကြီးတို့ အကုန်ဝုန်းခဲ့တာ --------- ကမ္ဘာကျော်ပါတယ်။
ခရိုနီကြီးတို့အကုန်ဝါးခဲ့တာ ------------- ပြာဒကေ ပြာဒကေ
ဥပဒေဆိုတာ စာအုပ်ထဲမှာ ------ ပြန်ရှာပါ ပြန်ရှာပါ
မန္တလေးက ဝိရသူ အာရုံပြောင်းပြီဟေ့
ကိုယ်ပေါ်မှာသင်္ဃန်းပတ်ကာ 2
၉၆၉ အကျိုး ၂ ဆတိုးကာ 2
ဒို့အရေးလုပ်ကာ စီးပွားရှာ
ခရိုနီပေးတဲ့ ငွေများဘုန်းကာ -------- လူပုံအလယ်မှာ
သာသနာအကြောင်း ကိုယ်ကျိုးပွားတာ ---- အာပလာအာပလာ
အသိတရားရှိပါ အရှက်တရားထားပါ သာသနာတော်မှာ
ဖေ့စ်ဘွခ်သုံးကာ အတော်ပွားများတာ ------- တာဝန်မယူပါ”
မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်ဖျော်ဖြေပွဲနဲ့ မြန်မာအတာသင်္ကြန်ပွဲကို တိုကျို၊ ပီဘီယပန်းခြံမှာ ဧပြီလ ၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့တာပါ။ ဒီနှစ် မင်္ဂလာဒိုးအဖွဲ့ရဲ့ သင်္ကြန်တွေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းဝေက အခုလို ရှင်းပြပါတယ်။
“အထူးသဖြင့်တော့ ရေးထားတာ ဒီအစိုးရအပြောင်းအလဲတွေမှာ လူတွေ တော်တော်များများ နားလည်နိုင်မယ့် အကြောင်းအရာတွေ၊ ပြီးတော့ တရုတ်ပြည်ကြီးဟာ မြန်မာပြည်ကို တဖြေးဖြေးနဲ့ ဝါးမျိုနေတယ်ဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးပြီး ဖော်ပြထားတာ။ ကျနော်ဆိုတာကတော့ စိတ်ရောင်စုံဆိုတဲ့ သင်္ကြန်သံချပ်ပါပဲ။ တခြား ထူးထူးခြားခြား ပြောင်းလဲတာကတော့ အရပ်သားအစိုးရကို ကြိုဆိုတယ်ဆိုတဲ့အကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲကာလမှာ ဘာတွေ တိုးတက်လာမလဲ အကုန်လုံးက အရိပ်အခြေအနေတွေ စောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်း။ အွန်လိုင်းပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းပေါ့ဗျာ။”
အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ဒေသအစုအဖွဲ့လိုက် သင်္ကြန်ပွဲလေးတွေ ကျင်းပကြပြီးတော့ အလှ၊ အက၊ သံချပ်၊ စတုဒီသာ ကျွေးမွေးမှုစတာတွေနဲ့ ကျင်းပဖို့ရှိပါတယ်။ အခုနှစ် ဖလော်ရေဒါပြည်နယ် အိုကီချိုဘီ ရေကန်ကြီးရှိရာ အိုကီချိုဘီမြို့က သီတဂူဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ အတာသင်္ကြန်ပွဲကိုတော့ အီစတာဆန်းဒေးဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အဲ့လိုကျင်းပခဲ့ရာမှာ သံချပ်ထိုးတဲ့အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
“ပျော်စေရွှင်စေ ဆုတောင်းချွေ၊ နှစ်သစ်ကူးမှာ ရွှင်လန်းစေဖို့၊ တူးပို့ကြတဲ့ ပြည်မြန်မာ၊ ဖားရပ်တော်ဟာ ရေကန်ဖြစ်ဖို့….”
မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး စတာတွေကို သံချပ်ထိုးပြီးတော့ ပြောပြခဲ့တဲ့အကြောင်း အတာသင်္ကြန် ဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကျော်ကျော်က ပြောပါတယ်။
ဖလော်ရေဒါသင်္ကြန်ပွဲရဲ့ အပြင်အဆင်နဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်ကျော်က
“မြန်မာပြည်က သင်္ကြန်နဲ့ တူအောင်လို့ပေါ့ ခြံက မြေနေရာကျယ်တော့ ကျနော်တို့ စင်မြင့်ဆောက်တယ်။ အဲဒီစင်ပေါ်မှာပဲ ကတဲ့လူတို့၊ တီးဝိုင်းတီးမယ့်လူတို့ ဘာတို့ကို စင်ပေါ်မှာထားပြီးတော့ အဲဒီဘေးမှာပဲ တဲတွေဘာတွေ ထိုးပြီးတော့ စားဖို့ သောက်ဖို့ အစီအစဉ်တွေ ဘာတွေ လုပ်ပေးတယ်။ စတုဒီသာလည်းကျွေးတယ်။ ကတဲ့လူတွေကလည်း သူတို့ရဲ့ စေတနာနဲ့ပဲ လာပြီးတော့ က ကြတယ်။”
အလားတူ အမေရိကန်နိုင်ငံ အနောက်ခြမ်း ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို အစရှိတဲ့ မြို့ကြီးတွေမှာလည်း သင်္ကြန်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ဝါရှင်တန်ဒီစီ ဧရိယာနဲ့ နယူးယောက်တို့မှာလည်း သင်္ကြန်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ သံချပ်အစီအစဉ်တော့ ဒီနှစ်မှာ မပါဘူးလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရင်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာကာစ ဖြစ်တဲ့အတွက် သံချပ်ထိုး ထောက်ပြ ဝေဖန်တာမျိုး မလုပ်သေးဘဲ စောင့်ကြည့်ဦးမယ်လို့ သူက ပြောဆိုပါတယ်။