သုံးရလွယ်ကူစေသည့် Link များ

ကြိုတင်ဆန္ဒမဲကိစ္စ UEC ဖြေရှင်းချက်ထုတ်


ထိုင်းနိုင်ငံ၊ မြန်မာသံရုံးရှေ့မှာ မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

ပြည်ပရောက်မဲဆန္ဒရှင်တွေ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးကြတဲ့အချိန် အခက်အခဲများစွာနဲ့ တွေ့ကြုံနေရတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာပဲ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ အတွေ့အကြုံအားနည်းပြီး သံရုံးဝန်ထမ်း ကန့်သတ်ချက် ကြောင့်ဖြစ်ရတာမို့ နားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြိုတင်မဲပေးခွင့် မရခဲ့တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ ကြိုတင်လက်မှတ်မပေးရသေးကြောင်း ထောက်ခံချက်နဲ့သက်ဆိုင်ရာမဲရုံကို ပြန်လာပေးနိုင်ကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနဲ့ သြစတြေးလျ၊ ဗြိတိန်နိုင်ငံ စတဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးကြတဲ့အချိန် မဲစာရင်းထဲပါပေမဲ့ မဲလက်မှတ်မပါတာ၊ မဲပေးတဲ့ပုံစံဖြည့်ပေမဲ့ မဲစာရင်းထဲမပါတာ ကြိုတင်မဲလက်မှတ် အရေအတွက် မှားယွင်းမှုတွေ ရှိနေတာ စတဲ့ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်မှုတွေ ထွက်ပေါ်လာနေပြီး ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလားလို့ မေးခွန်းထုတ်ချိန်မှာပဲ ရွေးကောက်ပွဲကော်မရှင်ဘက်က ကြေညာချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံ၊ မြန်မာသံရုံးရှေ့မှာ မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
စင်ကာပူနိုင်ငံ၊ မြန်မာသံရုံးရှေ့မှာ မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

ပြည်ထောင်စုရွေးကော်မရှင်ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့ ကော်မရှင်အနေနဲ့ နိုင်ငံပြင်ပရောက်မဲ ဆန္ဒရှင်တွေ ပေးပို့လာတဲ့ ပုံစံ (၁၅) ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကို ပေးပို့စိစစ်ပြီး မဲလက်မှတ်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် သက်ဆိုင်ရာနိုင်ငံတွေက သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံး ဆန္ဒမဲလက်မှတ်တွေကို ပေးပို့ခဲ့ပြီး ဖြစ်ပေမဲ့လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်အနှံ့က မဲလက်မှတ်တွေကို မဲပေးရမယ့်လွှတ်တော်အလိုက် အဆင်ပြေမဲပေးနိုင်ရေးက အလွန်ကြီးမားတဲ့ လုပ်ငန်းပမာဏဖြစ်တယ်လို့ ဆိုထား ပါတယ်။

နိုင်ငံခြားသံရုံးတွေအနေနဲ့ ရွေးကောက်ပွဲ အတွေ့အကြုံနည်းခြင်း၊ သံရုံးမှာ ဝန်ထမ်း ကန့်သတ်ချက်ရှိခြင်း သံရုံးတွေ အခက်ခဲရှိမယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က ခံစားနားလည်မိပါကြောင်းနဲ့ ပြည်တွင်း ပြည်ပရောက် မဲဆန္ဒရှင်တွေ နားလည်ပေးစေလိုကြောင်းလည်း မေတ္တာရပ်ခံပါတယ်။

တဆက်တည်း နောက်ထပ်ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာလည်း တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ဆန္ဒမဲမပေးဖြစ်ခဲ့ဘူးဆိုရင် ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ နည်းလမ်းကို ထုတ်ပြန်ပါတယ်။ ပြည်တွင်းမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့သူ၊ ပြည်ပမှာ ရောက်နေတဲ့ မဲဆန္ဒရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ လတ်တလော ကြေညာထားတဲ့နေ့ နိုဝင်ဘာလ ၈ ရက်နေ့ကျရင် မိမိသက်ဆိုင်ရာ မဲရုံကို အချိန်မှီ ပြန်ရောက်လာပြီး သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံး၊ တပ်မှူး။ ဌာနကြီးမှူးစတဲ့သူတွေရဲ့ မဲဆန္ဒမပေးရသေးကြောင်း ထောက်ခံချက်နဲ့ သက်သေခံ လက်မှတ်တင်ပြနိုင်ရင် သက်ဆိုင်ရာ မဲရုံမှူးက ဒီပုဂ္ဂိုလ်ကို မဲရုံမှာ ဆန္ဒမဲပေးခွင့်ပြုရမည်လို့ ထုတ်ပြန်ထားပါ တယ်။ ဒီအကြောင်း အသေးစိတ် သိရှိနိုင်ဖို့ အတွက် ဗွီအိုအေမြန်မာပိုင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။

လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ တရားမျှတတဲ့ရွေးကောက်ဖြစ်စေဖို့ သမ္မတကြီးက မိန့်ခွန်းပြောဆိုခဲ့ပေမဲ့ အခုလို နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် ပြည်သူတွေ အခက်အခဲတွေ့နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG